
ပါလက်စတိုင်းတို့အပေါ် အစ္စရေးစစ်တပ်က ရန်လိုမှုတွေကို အရှိန်မြှင့်လာရင် ရန်သူ့ဓားစာခံတချို့ သတ်ဖြတ်ခံရဖွယ်အထိ ဖြစ်သွားနိုင်ကြောင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါက မတ် ၆ ရက်မှာ ပြောပါတယ်။
ဗီဒီယိုမိန့်ခွန်းထဲမှာ အဘူ အူဘိုက်ဒါက တိုက်ပွဲတွေပြန်စခြင်း အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ဟားမတ်စ်အဖွဲ့က အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။
အဘူ အူဘိုက်ဒါက“ရန်သူရဲ့စစ်ပွဲခြိမ်းခြောက်မှု၊ ပါလက်စတိုင်းတွေကို ဝိုင်းရံပိတ်ဆို့ထားမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ညစ်ညမ်းတဲ့ စစ်ရာဇ၀တ်မှုတွေအပြင် နိုင်ငံတကာအသိုက်အဝန်းရှိ လူသားချင်း စာနာထောက်ထားသူတွေ အားလုံးကိုလည်း မှတ်မှတ်သားသား လုပ်ထားတာကြောင့် ရန်သူကို စိတ်ပျက်စေရုံသာမက ဓားစာခံတွေကို လွှတ်ပေးမှာမဟုတ်ဘူး” လို့ ပြောဆိုပါတယ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ရန်သူ့ဓားစာခံတွေဟာလည်း သူတို့ ပြည်သူအားလုံးလိုပဲ ဆင်းရဲဒုက္ခကို ခံစားကြရလိမ့်မယ်လို့လည်း ဆိုပါတယ်။
အဖမ်းခံထားရတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေကိုလည်း သတိပေးထားပြီးတော့ ကျန်နေသေးတဲ့ ရန်သူ့ဓားစာခံတွေအတွက် ဒီကနေ့ထိ အသက်ရှင်နေသေးကြောင်း သက်သေအထောက်အထားတွေလည်း သူတို့မှာ ရှိနေတယ်လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ မတ် ၁ ရက်မှာ ပြီးဆုံးခဲ့ပြီး အစ္စရေးက ဂါဇာကမ်းမြောင်ကိုဝင်မယ့် ကုန်ပစ္စည်းအားလုံးကို အလုံးစုံ ပိတ်ဆို့ထားခဲ့ပါတယ်။
စစ်ပွဲအဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို မစတင်ဘဲ ဟားမတ်စ်တွေအနေနဲ့ ကျန်ရှိနေတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Source : Reuters