မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့ဟာ မြင်းခြံနဲ့ တောင်သာမှာရှိတဲ့ အမျိုးသမီးတွေကို စုစည်းပြီး စစ်အခြေခံသင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရင်ကတော့ မြင်းခြံမြို့မှာရှိတဲ့ အမျိုးသားတွေကို စစ်သင်တန်းပေးခဲ့ပေမယ့် ဒီနှစ်မှာ မြင်းခြံနဲ့ တောင်သာက အမျိုးသား၊ အမျိုးသမီးတွေကို စုစည်းပြီး မတ်လအစောပိုင်းကစလို့ စစ်သင်တန်းပေးနေတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့လကတည်းက သင်တန်းပေးဖို့ လူစုနေတာ။ ယူနီဖောင်းအတွက် အလှူခံတာရှိတယ်။ ခလရ ၁၅ က ကူညီတာလည်း ရှိတယ်။ အခု သင်တန်းတက်နေတဲ့ မိန်းကလေးတွေက မြင်းခြံနဲ့ တောင်သာက”
မြင်းခြံမြို့သာမက ဆီမီးခုံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့က အမျိုးသား၊ အမျိုးသမီးတွေကို လိုက်လံစည်းရုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် အင်အားတိုးပွားလာရေးအတွက် လုပ်ဆောင်နေဟာ မြင်းခြံခရိုင် နယ်မြေရရှိရေးအတွက်ဖြစ်မယ်လို့ တောင်သာမြို့ခံတယောက်က ပြောပါတယ်။
“ပြည်သူ့စစ်အဖွဲ့ကို ဘယ်သူက လစာပေးလို့လဲ။ လုပ်ကွက်ပဲပေးတော့ နယ်မြေများရင် ပိုပြီးလုပ်စားလို့ကောင်းတယ်။ အခုလိုက်စည်းရုံးပြီး သင်တန်းပေးနေတာ မြင်းခြံခရိုင်ထဲက မြို့တွေ”
ပြည်သူ့စစ်အဖွဲ့မှာ အမျိုးသမီးတွေကိုလည်း သင်တန်းပေးတာကို ကြည့်ခြင်းအားဖြင့် မကြာခင် စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းသင်တန်းခေါ်နိုင်တယ်လို့ သုံးသပ်ကြတဲ့ မြို့ခံတွေလည်း ရှိပါတယ်။
ဒီနှစ် ဇန်နဝါရီလအတွင်း မြင်းခြံမြို့မှာ သီတာယုမွန်တို့အဖွဲ့နဲ့ PDF အဖွဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး မြင်းခြံပြည်သူ့စစ်အဖွဲ့က ၆ ယောက် သေဆုံးလို့ PDF အဖွဲ့က လက်နက်နဲ့ဒရုန်းတွေ ရရှိခဲ့ပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သီတာယုမွန်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်မှာ လပခတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်က လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။