
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ပြည်သူ့စစ်သင်တန်းတက်ပြီး ပြည်သူ့စစ်တာဝန် ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်တယောက်ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အဲဒီတပ်ဖွဲ့က မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF တပ်ဖွဲ့ဝင်တွေက ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာနားမှာ နယ်မြေလုံခြုံရေးလုပ်နေတုန်း ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် ဇေယျာထက် ဆိုသူဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး တော်လှန်ရေးရဲဘော်တွေက စစ်ဆေးနေချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့ရာမှာ သေဆုံးသွားတယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက DVB ကိုပြောပါတယ်။
“သူက ပလုံကောက်တဲ့သူပုံစံနဲ့ ရောက်လာတာ။ အဲဒါ ကျနော်တို့ရဲဘော်တွေက မသင်္ကာနဲ့ စစ်ဆေးနေတာ။ သူ့ဖုန်းဖွင့်ကြည့်တော့ စစ်သင်တန်းတက်ထားတဲ့ပုံတွေ တွေ့တာ။ အဲဒါ မေးနေချိန် ရဲဘော်တွေကို တွန်းပြီး ထွက်ပြေးတာ။ အဲဒီမှာ ရဲဘော်တွေက ပစ်လိုက်တာ သေသွားတယ်”
အဲဒီ ပြည်သူ့စစ် ဇေယျာထက် ဆိုသူဟာ ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့က တပ်ကြပ်တယောက် ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“မီးသတ်အဖွဲ့ကနေ ပြည်သူ့စစ်ထဲကို ပြောင်းသွားတာ။ စစ်သင်တန်းတက်ထားတာလည်း ၃ နှစ်လောက် ရှိပြီ။ သူ့ဆီက ဆိုင်ကယ်တစီးနဲ့ ဖုန်းတလုံး သိမ်းမိထားတယ်။ အလောင်းကိုတော့ ခုထိ စစ်တပ်က လာမကောက်သေးဘူး”
ဇေယျာထက် ဆိုသူ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကွင်းချောင်းကျေးရွာနဲ့ အလယ်ကုန်းကျေးရွာကို အင်အားအများအပြား ထပ်တိုးရောက်ရှိလာတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ဆိုကြပါတယ်။