
အာဆင်နယ်အသင်းဟာ စပိန်ကလပ် ဘီလ်ဘာအိုအသင်းက တောင်ပံတိုက်စစ်မှူး နီကိုဝီလီယံကို ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။
အသက် ၂၂ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားကို ဥရောပထိပ်သီးအသင်းအများစုက ခေါ်ယူလိုနေပြီး အာဆင်နယ်ကလည်း ခေါ်ယူဖို့လုပ်ဆောင်လာခဲ့တာပါ။
အာဆင်နယ်ဟာ ကစားသမားရဲ့အေးဂျင့်ဖြစ်သူတွေနဲ့ ဆွေးနွေးမှုစတင်ခဲ့ပြီး လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့တာပါ။
နီကိုဝီလီယံဟာ ဘီလ်ဘာအိုနဲ့ စာချုပ် ဖျက်သိမ်းကြေးအဖြစ် ပေါင် ၄၈ သန်းကနေ ပေါင် ၆၇ သန်းအတွင်းသာ ရှိနိုင်တာကြောင့် ထိပ်တန်း ကစားသမားတယောက်အတွက် ပြောင်းရွှေ့ကြေး မများတဲ့ပမာဏနဲ့ ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ လီဗာပူးအသင်းတွေကလည်း ခေါ်ယူလိုတာကြောင့် အာဆင်နယ်အနေနဲ့ လက်ဦးမှု ရယူနိုင်မှသာ ခေါ်ယူခွင့်ရနိုင်လိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။