
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းခံလိုက်ရတဲ့ အမျိုးသား ၂ ယောက် ထွက်ပြေးလွတ်မြောက်လာပြီး မြိတ်ပကဖ ဆီကို မတ် ၆ ရက်နေ့မှာ လာရောက်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လူငယ် ၂ ယောက်ဟာ အခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းကနေ ကော့သောင်းဘက်ကို နေရပ်ပြန်ပို့ခံရပြီးနောက် စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံလိုက်ရတာဖြစ်တယ်လို့ မြိတ်ပကဖပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
သူတို့ ၂ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၉ အတွက်စုဆောင်းခံရတာဖြစ်ပြီး ကော့သောင်းမြို့အခြေစိုက် ခလရ ၄၃၁ တပ်ရင်းမှာ ၇ ရက်အကြာ နေထိုင်ပြီးနောက် မြိတ်မြို့ကို စက်လှေနဲ့ ပို့ဆောင်ကာ တိုက်/စည်း ရွှေဒူးတပ်ရင်းမှာ ထိန်းသိမ်းခံနေရတုန်းမှာ ထွက်ပြေးလာတာဖြစ်တယ်လို့ မြိတ်ပကဖတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“သူတို့က စစ်တပ်ကနေ ထွက်ပြေးပြီး တနေရာရာမှာ အရင်ရှောင်နေတယ်။ ပြီးတော့ ကော့သောင်းပကဖအဖွဲ့ဆီကနေ ကျနော်တို့ ဖုန်းနံပါတ်တောင်းပြီးတော့ ဆက်သွယ်လာတာပါ။ သူတို့ကို ပလောက်မြို့ သင်တန်းကျောင်းကို ပို့မှာတဲ့။ လူဦးရေမပြည့်သေးတော့ မပို့သေးတာလို့ ပြောတယ်”
သူတို့ဟာ မြိတ်မြို့နယ်က တိုက်/စည်း ရွှေဒူးတပ်ရင်းမှာ ထိန်းသိမ်းခံရပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး တနေရာမှာ ပုန်းရှောင်ပြီးမှ မတ် ၆ ရက်နေ့မှာ မြိတ်ပကဖတပ်ဖွဲ့ဆီ ဆက်သွယ်ခိုလှုံခဲ့တာလို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းခံရတဲ့အထဲမှာ ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျပြီး နေရပ်ပြန်ပို့ခံနေရတဲ့သူတွေ အဓိက ပစ်မှတ်ထားခံနေရတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်ကျခံပြီးရင် ရနောင်းလှေဆိပ်ကနေတဆင့် ကော့သောင်းဘက်ကို လူရာနဲချီ အပတ်စဉ် ပြန်ပို့ဆောင်ပေးနေတယ်လို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။