
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းကျင်းကျေးရွာမှာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းကို နင်းမိလို့ အရပ်သားတယောက် ခြေထောက်နှစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၈ ရက်နေ့က မရမ်းကျင်းကျေးရွာသား အသက် ၆၀ ကျော်အရွယ် ဦးမောင်မောင်အေး ဟာ ထင်းခုတ်ဖို့ အပြင်ထွက်လာရင်း စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို နင်းမိတာကြောင့် ခြေထောက်နှစ်ဖက် ဖြတ်ထွက်သွားတာလို့ဆိုပါတယ်။
ဒေသခံတယောက်က “အခု လူနာက ပုသိမ်ဆေးရုံမှာ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်။ ဒီဘက်မှာ အခုလို မိုင်းနင်းမိတဲ့ဖြစ်စဉ် တခါမှမဖြစ်ဖူးပါဘူး” လို့ ပြောပါတယ်။
အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က စစ်ကောင်စီတပ် လာရောက်စခန်းချ ခံစစ်ပြင်ခဲ့ပြီး အရင်ကတော့ အရပ်သားတွေ အချိန်မရွေး ထင်းခုတ်၊ လယ်ယာလုပ်ဖို့ သွားလာနေကျနေရာ လို့ဆိုပါတယ်။
အရပ်သားပိုင် လယ်ယာမြေတွေထဲမှာ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး လယ်ယာလုပ်ငန်းနဲ့ ထင်းခုတ်လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ စက်တပ်လေထီးတွေနဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။