
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာကို မတ် ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ကပစ ၂၂ က စစ်ကောင်စီတပ်သားအင်အား ၃၀ ကျော်လောက် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အိမ်တွေကို မွှေနှောက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ရေထွက်ရွာ ဒေသခံတယောက်က DVB ကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ အစားသောက်တွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတယ်လို့ PDF တပ်ဖွဲ့တွေက သတိပေးတာကြောင့် ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ မတ် ၅ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ စက်တပ်လေထီး Paramotor ၂ စီး ပစ်ခတ်ခံရပြီး လေထီးမောင်းသူတယောက် ဒဏ်ရာရခဲ့တာကြောင့် ရေထွက်ရွာဝန်းကျင်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်တပ်ကအာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁ သိန်း ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။