
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တင်းမာမှုကို မြင့်တက်စေတယ်လို့ ဝေဖန်လိုက်ပြီး၊ နျူကလီးယားတပ်ဖွဲ့တွေ ပိုမိုတိုးချဲ့သွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က မြောက်ကိုရီးယားတပ်မတော် ဖွဲ့စည်းတဲ့နေ့ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်လည်ပတ်ချိန်မှာ ကင်မ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကင်မ်ဂျုံအန်းက အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ချထားမှု၊ စစ်ရေးလေ့ကျင့်မှုတွေ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်း စစ်အင်အား ဟန်ချက်ပျက်ယွင်းစေပြီး၊ လုံခြုံရေးအခြေအနေအပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာတို့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ထူထောင်သွားမယ်လို့ ပြောဆိုခဲ့ကြပေမဲ့ နျူကလီးယား စီမံကိန်းကို ပူပန်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ကင်မ်ဂျုံအန်းကတော့ နျူကလီးယားတပ်ဖွဲ့တွေ ဆက်လက်တိုးချဲ့မယ့် မူဝါဒကို ထပ်မံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Source: Reuters