
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ ပန်အမေရိကန် အဝေးပြေးလမ်းမပေါ်မှာ ဘတ်စ်ကား တစီး လမ်းချော်ပြီး ချောက်ထဲကို ချော်ကျသွားခဲ့တာကြောင့် ဇန်နဝါရီ ၃ ရက်က အနည်းဆုံး လူ ၁၃ ယောက်သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မြို့တော် ဘိုဂိုတာရဲ့ အနောက်တောင်ဖက် ၅၇၀ ကီလိုမီတာ အကွာရှိ နာရီနို ပြည်နယ်မှ တန်ဂွာ မြူနီစီပယ်နယ်မြေအနီးမှာ ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ဘတ်စ်ကားဟာ ကာလီမြို့ကနေ ထွက်ခွာပြီး အီကွေဒေါနယ်စပ်အနီးရှိ လာ့စ်လာဟာ့စ် သခင်မ ဘေးမဲ့တောကို ကမ္ဘာလှည့်ခရီးသည် တစုကို ပို့ဆောင်ခဲ့တာလို့ အမျိုးသားရဲတပ်ဖွဲ့ ထောက်ပံ့ရေးနဲ့ ဘဏ္ဍာရေးဒါရိုက်တာ အိုလ်ဂါ ပက်ထရစ်ရှာ ဆလာဇာက ပြောပါတယ်။
ဘတ်စ်ကားပေါ်မှာ လူ ၄၂ ယောက် ပါရှိပြီး ၁၃ ယောက်ကတော့ စိတ်မကောင်းစရာ သေဆုံးသွားပြီလို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကိုတော့ ဆေးရုံအသီးသီးကို လွှဲပြောင်းပေးခဲ့ပါတယ်။
ကိုလံဘီယာမှာ လမ်းမတော်တဆမှုတွေကြောင့် နှစ်စဉ် လူ ၈၀၀၀ လောက် သေဆုံးနေရကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
Source-Reuters