
မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ အုန်းဖန်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်းက ဂီတပွဲတော်တခုအတွင်း ဗုံးပေါက်ကွဲလို့ ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက်သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့သူတွေဆီက သိရပါတယ်။
အုန်းဖန်မြို့မှာ ဂီတပွဲတော်ကျင်းပနေတာဖြစ်ပြီး မြန်မာစစ်ပြေးဒုက္ခသည်တွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား လာရောက်ကြည့်နေတုန်း ဗုံးပေါက်ကွဲခဲ့တာပါ။
ပွဲသွားကြည့်ခဲ့သူတယောက်က “ပွဲခင်းအနီးအနားမှာ ပေါက်ကွဲတာဆိုတော့ ထိခိုက်သေဆုံးမှုတွေတော့ ရှိတယ်။ ဘယ်အဖွဲ့စည်း ဘယ်သူက ဗုံးဖောက်ခွဲတယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘူး။ စုံစမ်းနေတုန်းပဲ။ ဗုံးပေါက်ကွဲမှုကြောင့် ပွဲခင်းထဲလာတဲ့သူ ၃ ယောက်သေဆုံးပြီး ၅ယောက်ကတော့ အပြင်းအထန်ဒဏ်ရာတွေရရှိထားတယ်။ မစိုးရိမ်ဒဏ်ရာရသူက အယောက် ၅၀ လောက်ရှိတယ်”လို့ DVB ကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းကနေ ရှောင်လာတဲ့သူတွေ၊ တရားမဝင်နေထိုင်တဲ့သူတွေအနေနဲ့ အသွားအလာအနေအထိုင် ဆင်ခြင်သင့်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းကနေ စစ်အဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေကြောင့် နေရပ်စွန့်ခွာပြီး လွတ်မြောက်နယ်မြေမှာ ရရာအလုပ်လုပ်ကိုင်ရှောင်တိမ်းနေရသူ အများအပြားရှိနေပါတယ်။
ဒါ့အပြင် မြန်မာ- ထိုင်းနယ်စပ်တလျှောက် တရားမဝင်ခိုလှုံနေသူတွေကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်လို့ မြန်မာပြည်အရေးနဲ့ မြန်မာဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။