
ပါကစ္စတန်အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ကူအက်တာမြို့မှ မီးရထားဘူတာရုံ တခုမှာ နိုဝင်ဘာ ၉ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးသွားပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ တခြားတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ခိုက်ဘာပက်တွန်ခွာပြည်နယ် ပက်ရှ်ဝါမြို့ကို ဦးတည်သွားမယ့် မီးရထား ထွက်ခွာခါနီးချိန်မှာ ရထားဘူတာရုံအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ အကြီးတန်း စစ်ဆင်ရေး အကြီးအကဲ မူဟမ်မဒ် ဘာလို့ချ် က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ရာဝါလ်ပင်ဒီမြို့ကို သွားမယ့် ရထားစီးခရီးသည် အယောက် ၁၀၀ လောက် စောင့်ဆိုင်းနေချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ လို့လည်း ဆိုပါတယ်။
ဘူတာရုံမှာ ပုံမှန်အားဖြင့် လမ်းလျှောက်သွားလာမှု မြင့်မားတာကြောင့် အသေအပျောက် အရေအတွက် တိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
ဒဏ်ရာရရှိသွားသူတွေကို ကူအက်တာမြို့ရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သူတို့ထဲက ၁၀ ဦး လောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေကြောင်း ဘာလိုချီစတန် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ဒ် ရင်းဒ် က ပြောပါတယ်။
ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှုဖြစ်တယ်လို့ ကနဦး သက်သေအထောက်အထားတွေက ညွှန်ပြ နေပေမဲ့ နောက်ဆုံးအစီရင်ခံစာကို စောင့်မျှော်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) ခွဲထွက်ရေးအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ သူတို့ရှိကြောင်း ရိုက်တာကို အီးမေးလ် ပေးပို့ခဲ့ပြီး အသေခံဗုံးခွဲသမားဟာ မီးရထားဘူတာရုံရှိ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။
BLA ရဲ့ အခိုင်အမာ ပြောဆိုချက်ကို အတည်ပြုဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ဒ် ရင်းဒ် ကတော့ပြောကြားပါတယ်။
၀န်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖှ်က ဗုံးခွဲတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒီတိုက်ခိုက်မှုကို ကြိုးကိုင်သူတွေဟာ ဒီ့အတွက် တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရမယ်လို့ ပြောလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ “အကြမ်းဖက်မှုအန္တရာယ်” ကို ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံဟာ တောင်ပိုင်းမှာ ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံ အနောက်မြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို အရှိန်အဟုန်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာကြာ သူပုန်ထမှုကြောင့် ဘာလိုချီစတန်ပြည်နယ်ကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး ပြည်နယ်ရဲ့ မထိတွေ့ရသေးတဲ့ အရင်းအမြစ်တွေဆီကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ပရောဂျက်တွေ အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖန်တီးခဲ့ပါတယ်။
Source: Reuters