Home
မြန်မာသတင်း
ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး
DVB
·
November 28, 2024
Photo: ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် မိုင်းခွဲ ဖျက်ဆီးခဲ့သည့် တံတား ၁ စင်း။

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာနဲ့ ကမ်းသာယာကမ်းခြေကို ဆက်သွယ်ထားပြီး ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေး အရေးပါတဲ့ ကင်းပုံတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် လုံးဝ သွားမရတဲ့အထိ တံတားပျက်စီးသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကင်းပုံရွာကျေးမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က ကမ်းသာယာဘက်ကို တပ်ဆုတ်ပြီးနောက် နိုဝင်ဘာ ၂၅ ရက်မှာ ကင်းပုံတံတားကို လာရောက် မိုင်းခွဲပြီး ပြန်လည်ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ တာဝန်ရှိသူတယောက်က “နိုဝင်ဘာ ၂၅ ရက် ညနေလောက်က မိုင်းခွဲလိုက်တာ။ ကမ်းသာယာမှာရှိတဲ့ စကစတပ်တွေဆီ ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်သားတွေ မလာနိုင်အောင် တားလိုက်တဲ့သဘောနဲ့ လုပ်တာ။ တံတားက လုံးဝသွားမရတဲ့အထိ ပျက်စီးသွားတာ။ စကစတပ်က နည်းအမျိုးမျိုးနဲ့ ဟန့်တားနေတဲ့ အခြေအနေ” လို့ ပြောပါတယ်။

အဲဒီ ကင်းပုံတံတားဟာ ပေ ၃၅၀ ခန့် ရှည်လျားပြီး ဂွမြို့ကတဆင့် သံတွဲ၊ တောင်ကုတ်နဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေအပြင် ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဘက်ကိုပါ ဆက်သွယ်သွားလာရာမှာ အရေးပါတဲ့ တံတားတစင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသခံတယောက်က “ဒီဘက်ကို စစ်မီးကူးလာမှာကိုလည်း စကစက တော်တော်ကြောက်နေတာ။ ဒါ့ကြောင့် စစ်ကောင်စီတပ်က ဒီလို လမ်းတံတားတွေကို ဖျက်ဆီးနေတာ။ အမှန်တော့ စစ်ရေးကို ဟန့်တားဖို့ အကျိုးမဖြစ်ပါဘူး။ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေကို ဖျက်ဆီးတာနဲ့အတူတူပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၄ ခု ဖေဖော်ဝါရီကနေ နိုဝင်ဘာ ၂၇ ရက်အထိ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်းခွဲဖျက်ဆီးမှုကြောင့် ရန်ကုန်-စစ်တွေလမ်းမပေါ်က တံတား၊ သံတွဲနဲ့ ဂွ မြို့နယ်ချင်းဆက် တံတားတွေ အပါအဝင် တံတား ၂၈ စင်းအထိ ပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဂွမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လက်ရှိ မြို့နဲ့ ၅ မိုင်ကျော်အကွာ အလယ်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024