Home
မြန်မာသတင်း
ထိုင်းနှင့် အာဆီယံတို့ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်ပုံ ပြောင်းလဲလာ
DVB
·
April 29, 2024

အာဆီယံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ လှုပ်ရှားချဉ်းကပ်ဆောင်ရွက်မှုအသစ်တွေနဲ့  စစ်ကောင်စီဘက်က ရပ်ခံမှုတွေဟာ ဒေသတွင်းနိုင်ငံတွေအပေါ် မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ အကျပ်အတည်းတွေရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။  

ပြည်တွင်းပဋိပက္ခအချိန်ကြာလာတဲ့ မြန်မာ့အရေးကို တရုတ်နဲ့ အမေရိကန် အပါအဝင် အင်အားကြီးနိုင်ငံတွေက အာဆီယံကနေတဆင့် ထိန်းသိမ်းဖြေရှင်းဖို့ အရင်က ဦးတည်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုတွေရှိနေတာပါ။

ဒီအခြေအနေမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေကလည်း သူတို့နိုင်ငံတွေအပေါ် မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ အကျပ်အတည်းတွေ သက်ရောက်မှုကို လျှော့ချနိုင်ဖို့ မြင်သာတဲ့ ကြိုးစားအားထုတ်မှုတွေရှိလာပါတယ်။

ဧပြီလ ဒုတိယအပတ်ထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအပါအဝင် မြန်မာ့အရေးကို အာဆီယံကပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ တိုက်တွန်းစကားပြောဆိုခဲ့ပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံ ပူးပွဲဖြေရှင်းရေးအဆိုကိုလည်း အာဆီယံမှာ ထိုင်းနိုင်ငံကတင်သွင်းထားပါတယ်။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက “အစကတည်းက သူတို့က စစ်ကောင်စီကို အသိအမှတ်ပြုထားတာပဲလေ။ သူတင်မဟုတ်ဘူးလေ ကျန်တဲ့နိုင်ငံတွေက စစ်အုပ်စုက အခိုင်အမာ အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်တော့ ဒီနိုင်ငံက ပြဿနာတွေကို ဖြေရှင်းဖို့အခါကြတော့ စစ်အုပ်စုကိုပဲ မပြောလို့ ဘယ်သူ့ကို သွားပြောလို့ရမှာလဲ ခင်ဗျားက။ သူတို့ကတော့ ဒီလိုပဲ ဆက်ဆံရတာပဲလေ။ မြန်မာပြည်တွင်းက ဖြစ်လာတဲ့ပြဿနာတွေ သူတို့နိုင်ငံကို ဂယက်မရိုက်လာဖို့ပေါ့ဗျာ။ တရုတ်ကလည်း ဒါပါပဲ၊ အာဆီယံရော၊ ထိုင်းကလည်း ဒါပါပဲ။ အဲ့ဒီအတွက် ဝိုင်းကူညီပြီး လုပ်ကိုင်ပေးနေတာ။ ဒါတော့ သူတို့နိုင်ငံတကာ ကိစ္စတွေပဲလေ၊ လုပ်စရာရှိတာ သူတို့ဘာသာ လုပ်လိမ့်မယ်ပေါ့။ ကျမတို့ကလည်း ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ဖို့ပဲ။ ခင်ဗျားတို့သိဖို့က ဒီစစ်အုပ်စုက ထိုင်းတို့၊ တရုတ်တို့၊ အာဆီယံမပြောနဲ့ သိကြားမင်း ဆင်းကူတောင်မှ သူတို့ရဲ့ကျဆုံးခန်းကို ဘယ်သူမှမကယ်နိုင်ဘူးဗျ။ ကာလတခုကတော့ အဲဒီလိုပဲ ရောနေဦးမှာပေါ့နော်။ ကျမတို့ တိုက်နိုင်ရင် တိုက်နိုင်သလောက် ကျမတို့ ရှေ့တိုးနိုင်မယ်၊ အဲဒီကာလအတွင်းမှာ တရုတ်တို့၊ ထိုင်းတို့က သူတို့နိုင်ငံတွင်းကို ဖိတ်စဉ်မကျလာဖို့ပေါ့ဗျာ ကျမတို့နိုင်ငံရဲ့ အရှုပ်ထုပ်တွေ၊ အဲဒီအတွက် ဝိုင်းကူညီနေတာပဲ ဖြစ်တယ်။ သူတို့ ဘာကူညီ ကူညီပါ” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း အခုရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့ကို လာရောက်စဉ်  တရုတ်သမ္မတ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း မကြာသေးခင်ကတွေ့ဆုံခဲ့ပါတယ်။

အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေကို ချိန်ခွင်ညှိနိုင်ဖို့ အမေရိကန်အစိုးရက အာဆီယံနဲ့ ထိုင်းနိုင်ငံကနေတဆင့် မြန်မာ့အရေးကို ချဉ်းကပ်နေတာပါ။

တရုတ်နဲ့အပြိုင် မြန်မာ့အရေးမှာ မြင်သာတဲ့လှုပ်ရှားမှုတွေရှိလာတဲ့ အနောက်အင်အားကြီး နိုင်ငံတွေနဲ့ပတ်သက်ပြီး ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “လက်နက်တင်ပို့မှု မဟုတ်တဲ့ ကျန်တဲ့အကူအညီမျိုးပေးမယ်၊ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးမယ်ဆိုတဲ့ စဉ်းစားချက်မျိုးတွေ၊ နောက် ဒီမိုကရေစီအရေးကို ရပ်ခံပေးမယ်၊ အခြေခံအဆောက်အဦလိုအပ်ချက်တွေအတွက် စဉ်းစားပေးမယ်ဆိုတဲ့ ဟာမျိုးတော့ရှိတာပေါ့လေ။ ဒီထက်ပိုပြီးတော့ ထဲထဲဝင်ဝင် ဒီဟာကြီး အပေါ်ကို ပင်မတအားအရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေထဲမှာတော့ အခုချိန်ထိ မရှိနေသေးဘူးလို့ ကျနော်ထင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံတကာရဲ့ စဉ်းစားပုံကတော့ အကျိုးစီးပွားအထိုင်ပေါ်ကနေပဲ စဉ်းစားလိမ့်မယ်လို့ ကျနော် တော့ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံအတွင်းမှာ အကျိုးစီးပွား အမြောက်အမြားရှိနေတဲ့ တရုတ်အစိုးရရဲ့ ရွေးကောက်ပွဲလမ်းကြောင်းပေါ် တွန်းတင်တဲ့ လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံကို ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာပဲ ဆက်ရှိနေစေချင်တဲ့သဘော ဖြစ်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူက သုံးသပ်ပါတယ်။ 

တရုတ်နဲ့အမေရိကန်တို့ဟာ မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ ထိုင်းနိုင်ငံကို ကြားခံပလက်ဖောင်းတခုအဖြစ် အသုံးပြုနေပြီး ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံဘက်က ပြုံကျလာနိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အင်အားကြီးနိုင်ငံတွေရဲ့ အကူအညီကို လိုအပ်နေတာပါ။

ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “PDF တွေနဲ့ ငါတို့က ဒီအတိုင်း မီးကျိုးမောင်းပျက်တွေနဲ့တိုက်ရတာ။ အထူးသဖြင့် တိုင်းရင်းသားတွေက တိုက်ပြလိုက်တာ၊ ညီနောင် ၃ ဖော်က တရုတ်နောက်ခံနဲ့ တိုက်ချလိုက်တာ ကယား၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင် မြဝတီအထိရောက်ပြီပေါ့ကွာ။ နေပြည်တော်အထိ ဗုံးကြဲနိုင်တဲ့အဆင့်ရောက်ပြီ။ အဲ့ဒီလိုဖြစ်လိုက်တဲ့အခါကြတော့မှ အမေရိကန်က လှုပ်လာပြီးတော့ ထိုင်းကိုလည်း ဖိအားပေး၊ NUG ခေါင်းဆောင်တွေကို ဆင်းတွေ့တဲ့အထိ ရောက်လာတာပေါ့။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘန်ကောက်မှာညှိ၊ ယိုးဒယားနဲ့လည်းညှိပြီး အဲ့ဒီဘောင်အတွင်းကပဲ ကူညီနေတာ။ ငါတို့မတိုက်နိုင်ရင် ဒီအတိုင်းသွားဦးမှာပဲ။ ဒီအတိုင်းသွားမှာပဲ။ ဘယ်တုန်းကမှ စစ်တပ်ဆိုတာ ကတိတည်တာ မဟုတ်ဘူး။ တရုတ်ကတော့ ငါတို့ကို ၂၀၀၈ အောက်မှာပဲ ထားပြီးတော့ ရွေးကောက်ပွဲတွေ ဘာတွေနဲ့ အဲ့လိုတွက်တာပေါ့ကွာ” လို့ ပြောပါတယ်။

၂၀၂၃ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမတိုင်ခင်က ထိုင်းစစ်အစိုးရဟာ စစ်ကောင်စီဘက်ကနေ သိသိသာသာ ရပ်ခံခဲ့ပေမဲ့ ဇူလိုင်လအလွန် အရပ်သားအစိုးရတက်လာချိန်မှာတော့ မြန်မာ့အရေးအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲခဲ့ပါတယ်။ 

ဒါပေမဲ့ ဧပြီ ၁၈ ရက်နေ့တုန်းက ထိုင်းဝန်ကြီးချုပ်ဆရီထာ ထဝီဆင်က သူ့ရဲ့လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်တွေကနေ နေရာပြောင်းရွှေ့တာကို ကြိုဆိုကြောင်း ရေးသားရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနဲ့ သမ္မတဟောင်းလို့ ရေးသားဖော်ပြခဲ့တဲ့အတွက် ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024