Home
မြန်မာသတင်း
အငြင်းပွားမှုနှင့် တင်းမာမှုရှိသော်လည်း ရှမ်းမြောက်အဖွဲ့များအကြား ပြေလည်မှုရ
DVB
·
April 29, 2024

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြားထဲ နယ်မြေ အငြင်းပွားမှုနဲ့ တင်းမာမှုတွေရှိခဲ့ပေမဲ့ တပ်ဖွဲ့တွေအကြား ပြေလည်မှုတွေ ရသွားပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က  ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကိုးကန့် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ကြား နယ်မြေအငြင်းပွားမှုနဲ့ တင်းမာမှုတွေ အခု ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ ဖြစ်လာပါတယ်။

မူဆယ်ခရိုင် မုံးကိုးမြို့က KIA အုပ်ချုပ်ရေးအဖွဲ့တွေရှိရာ ကချင်စာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့ ရုံးကို MNDAA က ဧပြီ ၂၃ ရက်နေ့မှာ ချိပ်ပိတ်တဲ့စာတွေ လာကပ်ခဲ့ပြီး တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း တင်းမာမှု ဖြစ်ခဲ့တာတွေ ရှိခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှုူးကြီး နော်ဘူက အတည်ပြုပြီး KIA နဲ့ MNDAA တပ်ဖွဲ့အကြားမှာတော့  ကြီးကြီးမားမား ပြဿနာမရှိဘူးလို့ ဗိုလ်မှုူးကြီး နော်ဘူက DVB ကို ပြောပါတယ်။

အခုတော့ KIA နဲ့ MNDAA တပ်ဖွဲ့တွေကြား ညှိနှိုင်းမှုတွေလုပ်ခဲ့ကာ  အဆင်ပြေပြီလို့ ဆိုပေမဲ့ ချိပ်ပိတ်ခံထားရတဲ့ မုံးကိုးမြို့က ကချင်စာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံး  ပြန်ဖွင့်ဖို့တော့ အတိအကျ မသိသေးဖူးလို့ ဆိုပါတယ်။

KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက “ရှမ်းမြောက်ဘက်က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ KIA နဲ့ MNDAA အဖွဲ့တွေက ကြီးကြီးမား ပြဿနာတော့ မရှိပါဘူး။ ရှေ့တန်းကအရာရှိတွေနဲ့ဖြစ်တဲ့ ပြဿနာတွေ၊  MNDAA နဲ့ ဖြစ်တဲ့ပြဿနာတွေ ကတော့  ဖြေရှင်းလို့ရပြီလို့ အကြောင်းကြားလာပါတယ်။ အကုန်လုံးညှိပြီး အဆင်ပြေပြီလို့ ပြောပါတယ်”လို့ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့် MNDAA တပ်ဖွဲ့ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

ရှမ်းမြောက်ဒေသမှာ  ကိုးကန့် MNDAA နဲ့ KIA တို့အပြင်  KIA ‌နဲ့ TNLA တို့ကြားမှာလည်း နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားနေပါတယ်။ ကွတ်ခိုင်မြို့နယ်က  KIA ဆက်ဆံရေးရုံးကို ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာသွားဖို့ TNLA ဘက်က သတိပေးပြောဆိုခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး DVBရဲ့ မေးမြန်းမှုကို TNLA ဗိုလ်ချုပ် တားဘုန်းကျော်က ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြောစရာမရှိပါ၊ နှစ်ဖက် ပြေပြေလည်လည် ဖြစ်ပါပြီလို့ ပြောဆိုပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အခုဖြစ်စဉ်တွေဟာ ရှေ့တန်းက အရာရှိငယ်တွေကြား ဖြစ်တဲ့ဟာလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA ဗဟိုကော်မတီနဲ့ TNLA ဗဟိုကော်မတီတို့ ကြားထဲ ဒီကိစ္စတွေကို သဘောတူထားတာတွေရှိတယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးကြီး နော်ဘူက “ထိတွေ့မှုတွေ တင်းမာမှုတွေက ပြေလည်သွားပါပြီ။ ကျနော်တို့ ဗဟိုကော်မတီနဲ့ TNLA ဗဟိုကော်မတီဟာ အချင်းချင်းသဘောတူထားတာတွေ ရှိပါတယ်။ ဥပမာ နယ်မြေကိစ္စတို့ နယ်မြေတွင်းက ပြဿနာကို တင်းမာတဲ့ပုံစံမျိုးနဲ့ မဟုတ်ဘဲနဲ့ ငြိမ်းချမ်းတဲ့ပုံစံနဲ့ ဖြေရှင်းဖို့ ပြောထားတာရှိပါတယ်။ တိုင်းရင်းသားအချင်းချင်း လေးစားဖို့ ပြည်သူကို ဝန်ထုပ်ဝန်ပိုးပေးတာ မဟုတ်ဘဲ အဆင်ပြေတဲ့နည်းနဲ့ ညှိဖို့ပြောထားတာ ရှိပါတယ်။ လိုအပ်တာရှိရင် ဗဟိုအချင်းချင်းညှိပြီး လုပ်ဖို့ပြောထားတာရှိပါတယ်။ ခုဖြစ်နေတာက ကြီးကြီးကျယ်ကျယ် ဖြစ်တာတော့မဟုတ်ဘူး။ ရှေ့တန်းက အရာရှိငယ်တွေနဲ့ဖြစ်တဲ့ဟာ ဖြစ်ပါတယ်။ တကယ့်ကြီးကြီးမားမား  ဖြစ်တာမရှိဘူး”လို့ ပြောပါတယ်။

နယ်စပ်မြို့ မုံးကိုးကို သိမ်းပိုက်ထားတဲ့ ကိုးကန့် MNDAAတပ်ဖွဲ့နဲ့ အဲဒီဒေသမှာ အရင်ထဲက စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့တဲ့ KIA တို့အကြား ပွတ်တိုက်မှုတွေ ရှိလာပြီး မုံးကိုးက ကချင်မနောကွင်းအတွင်း ဆောက်လုပ်ရေးကို MNDAA က လာရောက်တားဆီးခဲ့သလို ဒေသခံတွေ သုံးတဲ့ ချောင်းမှာ MNDAAက ရွှေတူးဖော်တာကြောင့် ဆန္ဒပြမှုတွေ ရှိနေပါတယ်။

 သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024