
ကလေး-ဂန့်ဂေါ လမ်းပေါ်မှာရှိတဲ့ ကြံသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အကြိမ်ကြိမ် ထိုးစစ်ဆင်နေပြီး လက်နက်ကြီး ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲချနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိပြီး ပြီးခဲ့တဲ့ဧပြီလမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ကြံသာရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက မကြာခဏ ထိုးစစ်ဆင်နေတာပါ။
CDF-KKG၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့က ဦးဆောင်ပြီး ကမ်းပါးနီစခန်းကို ဖေဖော်ဝါရီ ၁၂ ရက်၊ မှန်တော၊ အောင်သာယာစခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နဲ့ အခုထိတွေ့မှုရှိနေတဲ့ ကြံသာရွာစခန်းကို ဧပြီ ၁၁ ရက်နေ့တွေမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
CDF-KKG ပြောရေးဆိုခွင့်ရှိသူက “ဒီ ၁ ရက်၊ ၂ ရက်အတွင်းတော့ ထိတွေ့တိုက်ပွဲတွေ မရှိဘူးပေါ့နော်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အားကောင်းပြီးတော့ စိုးမိုးထားတဲ့ ဟံသာဝတီတို့ မြောက်ခရမ်းတို့ ဘက်ကနေတော့ ပြန်လည်ထိုးစစ်ဆင်မှုတွေကတော့ တောက်လျှောက် ဆိုသလိုပဲပေါ့နော်။ ကျနော်တို့ ကြံသာကို သိမ်းပိုက်ပြီးတဲ့ ဧပြီလထဲကနေပြီးတော့ အခုချိန်ထိအောင် ၂ လတာ ကျော်ပြီပေါ့နော်။ ဒီကာလအတောတွင်းမှာတော့ သူတို့ဘက်ကနေ ပြင်ဆင်မှု စုဖွဲ့မှု ကောင်းကောင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လိုက်၊ ပြန်လည်ဆုတ်ခွာသွားလိုက် ပြန်လည် ထိုးစစ်ဆင်လိုက်ဆိုတဲ့ ပုံစံနဲ့တော့ ကျနော်တို့ တောက်လျှောက်တော့ ဖြစ်နေတာတော့ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စုဖွဲ့နေတဲ့ ဟံသာဝတီတိုက်နယ်ဟာ ကြံသာရွာနဲ့ဆိုရင် ၃ မိုင်လောက်သာ ကွာဝေးတာဖြစ်ပြီး တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်တဲ့ မျက်နှာချင်းဆိုင် အနေအထား ဖြစ်ပါတယ်။
ဒါကြောင့် တိုက်ပွဲကာလတုန်းက စစ်ဒဏ်သင့်ခဲ့ရတဲ့ တချို့ကျေးရွာတွေမှာ ဒေသခံတွေ ပြန်လည် နေထိုင်ကြပေမဲ့ လက်နက်ကြီး လက်လှမ်းမီတဲ့ ကြံသာနဲ့ မှန်တောလိုရွာတွေက ဒေသခံတွေကတော့ ဘေးကင်းရာမှာ နေထိုင်ရတုန်းလို့ သိရပါတယ်။
ကလေးမြို့နယ် NUG လူသားစာနာတာဝန်ခံ ကိုအောင်ဇော်ထွန်းက “ရွာမှာနေလို့မရတာပေါ့။ ဥပမာဆိုရင် ဆည်တောတရွာလုံးပဲ။ ကမ်းပါးနီနဲ့ နီးတဲ့ဟာပေါ့လေ။ မှန်တောဆိုလည်း တရွာလုံးပဲ၊ အဲဒီနားမှာ အောင်မင်္ဂလာတို့ အောင်သာယာတို့ ကြံသာတို့ဆိုတာ ရွာလုံးကျွတ်တွေပေါ့ မရှိပါဘူး။ နောက်တခါ ရေရှင်ဆိုလည်း တရွာလုံးပြာကျထားတာ မရှိဘူးပေါ့။ ပြီးရင် အဲဒီနားမှာ စစ်ဖြစ်နေတဲ့နေရာတွေ ဖြစ်တဲ့ အဲနားလေးက မင်းလှရွာတို့၊ ရှားဖိုရွာတို့ အစသဖြင့်ပေါ့လေ။ အဲဒီရွာတွေက ပြည်သူတွေဆိုတာက အကုန်လုံးနီးပါးပါပဲ” လို့ ပြောပါတယ်။
ပျူစောထီး အားကောင်းတဲ့အတွက် ကလေးတောင်ပိုင်းနယ်မှာ လုံခြုံရေးစိတ်မချရတာကြောင့် စစ်ရှောင်နေရသူ ၃၀,၀၀၀ ဝန်းကျင်ရှိပြီး အဲဒီစာရင်းထဲမှာ ဟံသာဝတီတိုက်နယ်ကနေ ထွက်ပြေးလာသူ ၂,၀၀၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို ဆက်သွယ်ရေး၊ ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို ပိတ်ဆို့ထားပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေကို NUG အပါအဝင် လူမှုကူညီရေးအဖွဲ့တွေက ကူညီထောက်ပံ့နေပေမဲ့ လူဦးရေများတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။
တိုက်ပွဲကာလတုန်းကလည်း လေကြောင်းတိုက်ခိုက်တာကြောင့် ဧပြီ ၁၅ ရက်အထိ ပြည်သူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း CDF-KKG က ထုတ်ပြန်ခဲ့ပါတယ်။
စိုးသူအောင်