
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာတို့ရဲ့ နေအိမ်တွေကို ဇူလိုင် ၇ ရက်မှာ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေါ်ဒွဲဘူရဲ့ နေအိမ်ကို ညနေ ၃ နာရီလောက်က ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရသလို ယုဇနရပ်ကွက်ရှိ ဒေါက်တာတူးဂျာရဲ့နေအိမ်ကိုလည်း ညနေ ၄ နာရီကျော်တို့မှာ ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဗုံးပစ်ခတ်တိုက်ခိုက်မှုမှာ လူတွေထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒေါ်ဒွဲဘူရဲ့ နေအိမ်အနီးမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော် လုံခြုံရေးယူပေးနေတယ်လို့ မြစ်ကြီးနားမြို့ခံတယောက်က ပြောပါတယ်။
“အိမ်မှာ သူ့ချွေးမနဲ့ ကလေးတွေ နေကြတယ်။ ဗုံးကတော့ ပေါက်ကွဲမှုအား ပြင်းတယ်ထင်တယ်။ ဗုံးထိတဲ့ ထင်းရှူးပင်တောင် နှစ်ပိုင်းကျိုးသွားတာ။ ဒီနေ့မနက်ပိုင်းလည်း နောင်ရာလမ်းထိပ်မှာ ရော သူတို့အိမ်နားမှာရော စစ်ကောင်စီအစောင့်တွေ တွေ့တယ်။ ဒေါက်တာတူးဂျာရဲ့ မိသားစုဝင်တွေလည်း ထိခိုက်တာမရှိဘူး။”
ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ဒေါ်ဒွဲဘူဟာ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီကချင်ပြည်နယ် (မနောတိုင်ပါတီ) ရဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အင်ဂျန်းယန်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒေါ်ဒွဲဘူကို စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ တိုင်းရင်းသူ အရပ်သားအနေနဲ့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။
အခုတိုက်ခိုက်မှုတွေကို အသံမိုင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။