
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီတပ်က ကုန်တင်ယာဉ်တွေကို ဖမ်းဆီး ငွေညှစ်နေတဲ့အပြင် နွားတင်ကားတွေကို ဖမ်းဆီးပြီး ယာဉ်မောင်းတွေကိုလည်း ထောင်ချလိုက်တယ်လို့ ကားသမားနဲ့နီးစပ်သူတွေ ဆီက သိရပါတယ်။
တရုတ် အကူအညီနဲ့ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ခွင့်ရထားတဲ့ စစ်ကောင်စီဟာ လားရှိုးမြို့အဝင်၊ အထွက်နေရာ၊ နမ္မတူမီးပွိုင့်၊ တိုင်းလမ်းဆုံ၊ လားရှိုးကြီးမီးပွိုင့်နဲ့ အေတီတံတားတို့မှာ ကုန်တင်ကားတွေနဲ့ နွားတင်ကားတွေကို စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ထောင်ချခံရတဲ့ နွားတင်ကားမောင်းသမားနဲ့ နီးစပ်သူတယောက်က “နွားတင်ကားကိုမောင်းရင်းနဲ့ အုံနာက မိုင်းကိုင်ဘက်ကလို့ ပြောတယ်။ အဲဒီမှာ လားရှိုးမှာရောက်လာတော့ နွားတင်ထားတဲ့ကားကို ဖမ်းမိတာ။ ဖမ်းမိတော့ သူတို့အုံနာက လိုက်မလာဘူးပေါ့။ အဲဒါနဲ့ ၂ လကျော်သွားတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်မှာ နွားကားတွေဖမ်းမိတဲ့ဟာ တယောက်ကို ၆ လချလိုက်တယ်လို့ ပြောတယ်။ လားရှိုးမြို့ထဲမှာပဲ ဖမ်းမိတာ။ လားရှိုးမြို့ပြင်မှာက ကိုးကန့်တွေ နေတာလေ။ MNDAA ကွင်းလမ်းကသွားရင် လွတ်တယ်။ အခု ကားသမားက ကွင်းလမ်းကို မသိဘဲ ဝင်လာတာ”လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီက နွားတင်ကား ၃ စီးကို ဖမ်းဆီးထားတာဖြစ်ပြီး ယာဉ်မောင်းတွေကိုတော့ ပြီးခဲ့တဲ့တပတ်က ထောင် ၆ လစီချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
MNDAA သိမ်းပိုက်ထားချိန်ကာလက နွားတင်ကားတွေဟာ ငွေပေးသွားလာနိုင်တာဖြစ်ပြီး ၁၀၂၇ မဖြစ်ခင်ကလည်း စစ်ကောင်စီက နွားတင်သွင်းဖို့ ပါမစ်ရှိသူတွေကို လမ်းမှာစစ်ဆေးပြီး ငွေတောင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လားရှိုးမြို့နဲ့ သိန္နီမြို့အထွက်ဖြစ်တဲ့ အေတီတံတားမှာလည်း ကုန်ကားတွေဆီကနေ ငွေတောင်းလို့ ကုန်ကားတစီးကို ငွေကျပ် ၁၅ သိန်းနဲ့အထက်ပေးခဲ့ရတယ်လို့ ကုန်တင်ကားသမား တယောက်က ဆိုပါတယ်။
ကုန်တင်ကားမောင်သမားတယောက်က “ကျနော့်ကားကို ရပ်ခိုင်းတယ်။ ပြီးတော့ ၁၅ သိန်း တောင်းတယ်။ ကားသမားတွေ ကုန်သည်တွေ ဆိုတာ လုပ်စားရတဲ့ခေတ် မဟုတ်တော့ဘူး။ လုပ်ကျွေးရတဲ့ခတ် ဖြစ်သွားပြီ။ MNDAA တုန်းက အခုလိုမျိုး ဖမ်းတာတော့ မရှိဘူး။ ဒီလိုပဲ နွားကားတွေရော၊ ကုန်တင်ကားတွေပါ သွားနေတာ မြင်နေတာပဲလေ။ အိမ်စီးကားတွေတော့ တောင်းတဲ့ အခါတောင်းတယ်၊ ၂ သိန်းလောက် ပေးရတယ်။ ငွေတောင်းနေတာ စစ်တပ်ပါတယ်၊ ရဲပါတယ်၊ ယာဉ်ထိန်းရဲပါတယ်” လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်နိုင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖြည့်တင်းနေတဲ့အပြင် တပ်ရင်းတွေကိုလည်း မိုင်းရယ်ဘက်ကနေ လူအင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA က မဟာမိတ်တပ်တွေနဲ့ပေါင်းပြီး လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ဧပြီ ၂၁ ရက်မှာ ပြန်ဆုတ်ခွာပေးလိုက်ရလို့ စစ်ကောင်စီက လားရှိုးမြို့တွင်းကို ပြန်ဝင်လာနိုင်တာ ဖြစ်ပါတယ်။