
ပဲခူးတိုင်း၊ ပြည်မြို့ ရွာဘဲရပ်ကွက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူ အမျိုးသမီးတယောက်ထံကနေ ဖုန်းနဲ့ ငွေလုယက်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုသား တယောက် ကို ဇွန် ၃၀ ရက် ပြည်ခရိုင်တရားရုံးက သေဒဏ်ချလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဒဏ်ချခံရတဲ့ ကိုကျော်လင်းထွန်းဟာ ဇန်နဝါရီ ၂၉ ရက်က နေ့လယ်က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရတနာဒီပလမ်း လေးထပ်ပြင်ဘုရားဝင်း မြောက်ဘက် ကျွန်းစိုက်ခင်းအတွင်း ပြည့်တန် ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုသူ အမျိုးသမီးတယောက်ကို ဓားနဲ့မသေမချင်း ထိုးသတ်ပြီး ဖုန်းနဲ့ ငွေလုယက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"သေတဲ့အမျိုးသမီးက ရွာဘဲရပ်ကွက်ကမဟုတ်ဘူး။ မြို့သစ်ဘက်က၊ ဒီမှာလာလုပ်စားတာ၊ မရှိလို့လုပ်စားတဲ့သူကိုတောင် ရိုက်နှက် ဓားနဲ့မသေမချင်းထိုးသတ်ပြီး ဖုန်းနဲ့ ကျပ်ငွေ ၆၀,၀၀၀ ယူ သွားတာ။ အဲလူကို ပြီးခဲ့တဲ့ ရုံးချိန်းက သေဒဏ် ပေးလိုက်တာ။”
ပြည်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ကိုကျော်လင်းထွန်းကို ဖမ်းဆီးရမိပြီး ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြည်ခရိုင်တရားရုံးသို့ ပုဒ်မ ၃၉၄ ၊ပုဒ်မ ၃၀၂ နဲ့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်က ပြည်ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ပုဒ်မ ၃၉၄ နဲ့စွဲထားတဲ့ အမှုအတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၀၂ (၁) (ဂ)အတွက် ဖွင့်ထားတဲ့ အမှုနဲ့ သေဒဏ်ချလိုက်တာလို့ ပြောပါတယ်။
ဇွန် ၃၀ ရက်ကလည်း တောင်ငူခရိုင်တရားရုံးမှာ ခယ်မဖြစ်သူကို အက်စစ်နဲ့ပက်ပြီးအသက် သေတဲ့အထိ လုပ်ဆောင်ခဲ့တဲ့ အမျိုးသားတယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အလားတူပင် မေ ၂၂ ရက်ကလည်း တောင်ငူခရိုင်တရားရုံးက တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။