
မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးတဲ့လုပ်ငန်းကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီသြဇာခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားပါတယ်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့နဲ့ ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေဖို့အတွက် Server Maintenance လုပ်ငန်းတွေ လုပ်ဆောင်သွားရမှာကြောင့်လို့ ဆိုပါတယ်။
အဲဒီလို ဆောင်ရွက်နေတဲ့ကာလအတွင်း မြို့နယ်ရုံးတွေမှာ UID နံပါတ်ရယူတာ (အရပ်အခေါ် စမတ်ကတ်ပြုလုပ်ခြင်း)၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက်ဆိုင်စစ်ဆေးတာစတဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားမှာလို့ အသိပေးထားပါတယ်။
ဒါ့အပြင် e-ID ဆိုင်ရာလုပ်ငန်းတွေ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး အသုံးပြုနိုင်မယ့် အချိန်ကို ထပ်မံကြေညာသွားမယ်လို့လည်း ဆိုပါတယ်။
အခုရပ်နားလိုက်တဲ့ e-ID/ UID ကတ်မှာ နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို လဝကရဲ့ Server ထဲစုဆည်းသိမ်းထားပြီး ကာယကံရှင်က လိုအပ်ရင် မိတ္တူနဲ့ စာရွက်ထုတ်ပေးတာ ဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ်လုပ်မယ့်သူတွေနဲ့ ပြည်ပထွက်ဖို့ ပြည်ပအလုပ်အကိုင် သက်သေခံလက်မှတ် (OWIC) လုပ်မယ့် သူတွေအနေနဲ့ မှတ်ပုံတင်ရှိရုံနဲ့ မလုံလောက်ဘဲ လဝကရုံးကနေ ထုတ်ပေးတဲ့ e-ID/UID ပါမှ လက်ခံတဲ့ ကန့်သတ်မှု ရှိနေတာကြောင့် ရပ်နားချိန်အတွင်း အဆင်မပြေမှုတွေ ရှိနိုင်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က ပြောပါတယ်။
"ဌာနချင်း အချိတ်အဆက်မရှိတာလား၊ ဘာလားတော့မသိဘူး။ OWIC ကတ်လုပ်ရမယ့်သူတွေ တိုင်ပတ်ကုန်မှာလေ။”
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ လဝကရုံးတွေမှာ စာရင်းရှိတဲ့ နိုင်ငံသားတဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို Server ထဲ ထည့်သွင်းတာ၊ နယ်မြေဆင်းပြီး စာရင်းကောက်ကာ နည်းပညာအသုံးပြု စုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိပါတယ်။