
တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ မာကိုဆာနဲ့ ဥရောပ လွတ်လပ်တဲ့ကုန်သွယ်ရေးအဖွဲ့ EFTA တို့ဟာ ဇူလိုင် ၂ ရက်က လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ဆွေးနွေးတာကို အဆုံးသတ်ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှာ ဝန်ကြီးတွေ ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးပွဲ သဘောတူညီချက်ဟာ လူသန်း ၃၀၀ နီးပါးအတွက် လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ ဖန်တီးပေးဖို့ဖြစ်ပြီး GDP တွေ ပေါင်းစပ်မှု ဒေါ်လာ ၄ ဒသမ ၃ ထရီလီယံကျော် ရှိတယ်လို့ နှစ်ဖက် စီးပွားရေးအဖွဲ့တွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
“နှစ်ဖက်စလုံးက ကုန်ပစ္စည်းတင်ပို့မှုရဲ့ ၉၇ ရာခိုင်နှုန်းကျော် တိုးတက်ပြီး ဈေးကွက်တိုးချဲ့ဖို့အတွက် အထောက်အကူပြုပါတယ်။ ဒီသဘောတူညီချက်က နှစ်ဦးနှစ်ဖက် ကုန်သွယ်မှု အပြန်အလှန်တိုးတက်ပြီး ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဆွေးနွေးမှုမှာ ဥရောပလွတ်လပ်စွာကုန်သွယ်မှု EFTA အဖွဲ့ရဲ့ အီးယူအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ နော်ဝေ၊ အိုက်စလန်၊ ဆွစ်ဇာလန်နဲ့ လစ်ချန်စတိန်းတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။
မာကိုဆာအဖွဲ့မှာ ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဘိုလီဗီးယားနိုင်ငံတို့ ပါဝင်ပါတယ်။
မာကိုဆာအဖွဲ့ဝင်နိုင်ငံများအတွင်း ကုန်စည်တွေ၊ အရင်းအနှီး၊ ဝန်ဆောင်မှုနဲ့ ပြည်သူတွေ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာပို့ဆောင်နိုင်ရေးအတွက် ဒီအဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
မာကိုဆာအဖွဲ့မှာ ပြည်သူသန်း ၂၅၀ ကျော် နေထိုင်တဲ့ဒေသတွေ ပါဝင်ပြီး တောင်အမေရိကတိုက် စီးပွားရေးလှုပ်ရှားမှု တခုလုံးရဲ့ ၄ ပုံ ၃ ပုံကျော် ပါဝင်ပါတယ်။
ဒီအဖွဲ့ကို ၁၉၉၁ ခုနှစ်က စတင်ဖွဲ့စည်းကာ ဘရာဇီး၊ အာဂျင်တီးနား စတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေ ပါဝင်ပြီး ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတို့လည်း ပါဝင်ပါတယ်။
နောက်ပိုင်းမှာ ဗင်နီဇွဲလား၊ ဘိုလီးဗီးယား၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး စတဲ့ ၆ နိုင်ငံလည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။
ကုန်သွယ်မှု သဘောတူညီချက်မှာ နှစ်ဖက်အဖွဲ့ဝင်တွေရဲ့ ပါလီမန်နဲ့ တရားဝင် ပြန်လည်သုံးသပ်မှုတို့ ပြုလုပ်ဖို့တော့ ကျန်ရှိနေပါသေးတယ်။
ပူးပေါင်းကြေညာချက်အရ မာကိုဆာနဲ့ EFTA တို့ဟာ လာမယ့်လ အနည်းငယ်အတွင်း လက်မှတ်ရေးထိုးမယ်လို့ ပါရှိပါတယ်။
Source: Reuters