
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ဇူလိုင် ၂ ရက် ညပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂ ရက် ည ၁၂ နာရီကျော်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံတွေစိုက်ထားတဲ့ မြေပဲခင်းတဝက်လောက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "ပေါင် ၅၀၀ နှစ်လုံး၊ ဝဲလိုက် ကြဲလိုက်နဲ့၊ မနေ့ညကတော့ နိမ့်နိမ့်လေး တကယ့်နိမ့်နိမ့်လေး။ မဝဲဘဲ တန်းကြဲတာ။ ဖိနပ်တောင်မပါဘဲ တန်းပြေးရတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဇွန် ၂၇ ရက်က ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီး ၃ လုံး၊ ဇွန် ၃၀ ရက်မှာ ဒီးမော့ဆို အနောက်ခြမ်းကို လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကာ တချို့က မပေါက်ကွဲဘူးလို့ သိရပါတယ်။
ဇူလိုင် ၂ ရက်မနက်ပိုင်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေရှိပြီး ညပိုင်းမှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူ သောင်းချီနေထိုင်ကြပြီး အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ညအိပ်မရဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက် ညကတည်းက အဆက်အသွယ်ပြတ်ပြီး ပျောက်နေတဲ့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ် တစင်းကတော့ ဖားဆောင်းမြို့နားမှာ ပျက်ကျနေတာကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ က တွေ့ရှိခဲ့ပါတယ်။