
ပင်တဂွန်ဟာ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေနဲ့ တခြား ပစ်မှတ်တိကျ လက်နက်ခဲယမ်းတွေ ပေးပို့မှုကို ရပ်ဆိုင်းထားပြီး ဒါဟာ အမေရိကန်ဆီမှာ လက်ရှိ လက်နက်သိုလှောင်ထားမှုတွေ အလွန်နည်းပါးနေတဲ့အပေါ် စိုးရိမ်မှုကြောင့်ဖြစ်တယ်လို့ ဒီဆုံးဖြတ်ချက်အကြောင်း သိရှိသူ ၂ ယောက်က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က ကိယက်ဗ်ကို ကတိပြုထားတဲ့ လက်နက်တင်ပို့မှု တချို့ဟာ လတ်တလောရက်ပိုင်းတွေမှာ နှေးကွေးလာတယ်လို့လည်း ပြောဆိုပါတယ်။
ရုရှား မောင်းသူမဲ့ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချရာမှာ ကူညီဖို့ လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်တိုက်ခိုက်ရေး လက်နက်တွေဟာ နှောင့်နှေးကြန့်ကြာနေတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ကြောင်းလည်း ဆိုပါတယ်။
အီးမေးလ်တစောင်ထဲမှာ ပင်တဂွန်စစ်ဌာနချုပ်ဟာ ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်ရေး ရည်မှန်းချက်နဲ့အညီ ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ ရွေးချယ်စရာတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပေးထားတယ်လို့ ပြောကြားထားပါတယ်။
လက်နက်အကူအညီအားလုံးကို ဖေဖော်ဝါရီလမှာ ခေတ္တရပ်နားခဲ့ပြီး မတ်လမှာ ဒုတိယအကြိမ် ထပ်မံရပ်နားခဲ့တာပါ။
ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့ဟာ ဘိုင်ဒင် လက်ထက်က အတည်ပြုထားတဲ့ အကူအညီရဲ့ နောက်ဆုံးအသုတ် ပေးပို့တာကို ပြန်စတင်ခဲ့ပေမဲ့ ဘာမူဝါဒအသစ်ကိုမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ အင်္ဂါနေ့မှာ ရပ်နားလိုက်ကြောင်း သတင်းကို ပေါလစ်တစ်ကို သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းရဲ့ နယ်မြေ ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားတဲ့ ရုရှားဟာ တဖြည်းဖြည်း ရှေ့တိုး ချီတက်လာနေပြီး လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းအရှေ့တောင်ဘက် ဒွန်နက်စ်ခ်နဲ့ နီးပရို ပက်ထရို့ဗ်စ်ခ် ဒေသတွေမှာ မြေပြင်စိုးမိုးမှု ရရှိထားပြီး နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။
Source: Reuters