
ဘင်္ဂလားဒေ့ရှ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ အာရှဖလား ခြေစစ်ပွဲအဆင့်ကနေပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
သုဝဏ္ဏကွင်းမှာ ဇူလိုင် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစစ်ပွဲဒုတိယပွဲစဉ်မှာ မြန်မာအသင်းက အိမ်ရှင်အသင်း ဖြစ်ပေမဲ့ ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်အပေါ် အသာစီးမရခဲ့ဘဲ တဦးချင်းအမှားတွေလည်း ရှိခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့ရတာပါ။
ပွဲချိန် ၁၉ မိနစ်နဲ့ ၇၀ မိနစ်တွေမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းက ဦးဆောင်ဂိုး ၂ ဂိုး သွင်းခဲ့ပြီး မြန်မာအသင်းက ပွဲချိန် ၈၉ မိနစ်မှာ ချေပဂိုးတဂိုး ရခဲ့ပေမဲ့ ပွဲပြီးချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲအရှုံးရလဒ်ကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ဟာ လက်ကျန် ၁ ပွဲစီ ကျန်သေးပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ ဘင်္ဂလားဒေ့ရှ်အသင်းက ခြေစစ်ပွဲ အောင်မြင်သွားပြီး မြန်မာအသင်းက ခြေစစ်ပွဲအဆင့်ကနေပဲ ထွက်ခွာခဲ့ရတာပါ။
ဒီပွဲမှာ မြန်မာအမျိုးသမီးအသင်းရဲ့ ပွဲထွက်လူစာရင်းနဲ့ ကစားသမား ရွေးချယ်မှုတွေ အပေါ် ပရိသတ်တွေက မေးခွန်းထုတ်ခဲ့သလို ကွင်းလယ်ဒိုင်နဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။