
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ နေအိမ်တလုံးမှာ ဇူလိုင် ၁ ရက်က လူ ၅ ယောက် သေဆုံးသွားပြီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တယ်လို့ သံသယရှိကြောင်း အရေးပေါ်ဌာန ဒါရိုက်တာ အဲလ်ဘတ်တို ခရက်ဆန်တီက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၄၂ နှစ်မှ ၇၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ၄ ယောက်နဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးတယောက်တို့ ပါဝင်ပါတယ်။
အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး အခုခါ ကလေးငယ်မှာ အသက်အန္တရာယ်က ကင်းလွတ်သွားပြီလို့ သိရပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ ၉၁၁ ဖုန်းခေါ်ဆိုမှုနဲ့ သတိလစ်မေ့မြောနေကြကြောင်း သတင်းပေးပို့မှုကို လက်ခံရရှိပြီးနောက်မှာ အမြန်တုံ့ပြန်သွားရောက်ခဲ့ပါတယ်။
အစပိုင်းတော့ မီးသတ်သမားတွေ ဝင်ရောက်သွားကြပြီး အဆိပ်ရှိနေတယ်ဆိုတာ မသိခဲ့ကြောင်း ဗျူနိုအေးရိစ်ရဲ့ အရေးပေါ် ဆေးဘက်ဌာနမှ ဒါရိုက်တာ အဲလ်ဘတ်တို ခရက်ဆန်တီက ပြောပါတယ်။
အဲဒီဧရိယာ ဘေးကင်းကြောင်း ကြေညာပြီးတာနဲ့ လူ ၅ ယောက် သေဆုံးတာကို ကံမကောင်းစွာနဲ့ဘဲ အတည်ပြုခဲ့ပါတယ်။
မီးသတ်သမားတွေဟာ ၃ နှစ်အရွယ် ကလေးငယ်ကို အမြန်ကယ်တင်ခဲ့ပြီး ဇူဘီဇာရီတာဆေးရုံကို လူနာတင်ယာဉ်နဲ့ လိုက်ပို့ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကလေးက အန္တရာယ်ကင်းပြီး ကလေးဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။
အတွေ့အကြုံအရ အလောင်းတွေဟာ ကာဗွန်မိုနောက်ဆိုဒ်ကြောင့်လို့ ထင်ရပေမဲ့ စုံစမ်းစစ်ဆေးမှုကိုတော့ စောင့်နေပါတယ်လို့လည်း အရေးပေါ်ဌာန ဒါရိုက်တာ အဲလ်ဘတ်တို ခရက်ဆန်တီက ပြောပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းကို အတည်ပြုဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ကနဦး အစီရင်ခံစာတွေအရ အပူပေးကိရိယာတွေကနေ ကာဗွန်မိုနောက်ဆိုဒ် ယိုစိမ့်မှုရှိကြောင်း ခန့်မှန်းထားပါတယ်။
အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော်ကို ဝင်ရိုးစွန်းလှိုင်းတွေ ကျရောက်လာတာကြောင့် အပူချိန်ကလည်း ရေခဲမှတ်အောက် -1°C (30°F) အထိ ကျဆင်းသွားခဲ့တာပါ။
မြို့တော်မှာ အပူချိန်ကလည်း ရေခဲမှတ်လောက်မှာ ရှိနေပြီး သီးခြားအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ greater Buenos Aires ဧရိယာမှာ သုညအောက် ရေခဲမှတ်အောက် အပူချိန်ဖြစ်လိမ့်မယ်လို့ အမျိုးသားမိုးလေဝသဌာန (SMN) က အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
Source: Reuters