
ဂျာမနီနိုင်ငံဟာ အခုသီတင်းပတ်အတွင်း နိုင်ငံရဲ့ နေရာအတော်များများမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားနိုင်ပြီး ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ကြုံတွေ့နေရပါတယ်။
အပူလှိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ အထွတ်အထိပ်ရောက်မယ်လို့ ခန့်မှန်းရပြီး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်နဲ့ တခါတရံ ၄၁ ဒီဂရီစင်တီ ဂရိတ်အထိ မြင့်တက်လာတယ်လို့ ဂျာမန်မိုးလေဝသဌာနက ပြောပါတယ်။
ဂျာမနီနိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အပူလှိုင်းကြောင့် နေ့ဘက်မှာ ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ ညအချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ် ကျော်အထိ ပူနေပါတယ်။
ပြည်သူတွေ ရေဓာတ်ပြည့်ဝအောင် နေဖို့၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ဖို့နဲ့ နေရောင်အကာအကွယ်တွေထားကြဖို့ ဒေသခံ မိုးလေဝသအာဏာပိုင်တွေက တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။
ဂျာမနီနိုင်ငံမှာ ပိုပြင်းထန်တဲ့ အပူလှိုင်းတွေကို ပိုပြီးမကြာခဏ ကြုံတွေ့နေရတယ်လို့ အပူချိန် မြင့်မားမှုကို မကြာခဏ ရင်ဆိုင်နေရတဲ့ ဂျာမနီနိုင်ငံရဲ့ ပြည်ထောင်စု ပတ်၀န်းကျင်၊ ရာသီဥတု ဆိုင်ရာဆောင်ရွက်မှု၊ သဘာဝထိန်းသိမ်းရေးနဲ့ နျူကလီးယား ဘေးကင်းရေးဝန်ကြီး ကာစတန် ရှနိုက်ဒါက တနင်္လာနေ့က မီဒီယာ အင်တာဗျူးမှာ ပြောပါတယ်။
သစ်ပင်စိုက်ပျိုးခြင်း၊ ခင်းထားသော မျက်နှာပြင်တွေကို လျှော့ချခြင်းနဲ့ အရိပ်ရ၊ ရေထိန်းနိုင်တဲ့ အများပိုင်နေရာတွေ ဖန်တီးခြင်း အပါအဝင် ရာသီဥတုဒဏ်ခံနိုင်တဲ့ မြို့ပြစီမံကိန်းကို ရှနိုက်ဒါက ဆော်ဩခဲ့ပါတယ်။
အနောက်မြောက်ဘက်ကနေ အရှေ့တောင်ဘက်ဆီ ရွေ့လျားရင်း နိုင်ငံအနှံ့အပြားဆီ မိုးနဲ့ မိုးကြိုး မုန်တိုင်းတွေ တိုက်ခတ်လာတဲ့အချိန် ကြာသပတေးနေ့မှာ အပူလှိုင်းလျော့ပါးသွားနိုင်တယ်လို့ ဂျာမန်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
Source: Reutres