
အီရန်နိုင်ငံက ဆိုးရွားတဲ့ အန္တရာယ်အခြေအနေတွေအောက်ကနေ အာဖဂန်ပြည်သူတွေရဲ့ အိမ်အပြန်လှိုင်း အခြေအနေကို အလွန်အမင်း စိုးရိမ်ပူပန်ပါကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဇွန် ၂၈ ရက်မှာ ပြောပါတယ်။
နေရပ်ပြန်သူတွေရဲ့ အစုလိုက်အပြုံလိုက် ပမာဏဟာ အာဖဂန်နစ္စတန်ရဲ့ မရေရာတဲ့ အခြေအနေတွေကို ပိုဆိုးရွားစေနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
UNHCR မှ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဘက်ရှိ အစ္စလာမ် ခါလာနယ်စပ်မှာ ပြန်လည်ရောက်ရှိလာကြတဲ့ အာဖဂန်မိသားစုအများအပြား စုဝေးနေကြတာကို မြင်တွေ့ရပါတယ်။
အီရန်နိုင်ငံမှာ ဒေသခံပြည်သူတွေက ဒုက္ခသည်တွေအပေါ် မကျေမနပ်ဖြစ်မှုတွေ တိုးလာနေတာကြောင့် တီဟီရန်အစိုးရက သူတို့ကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ ကတိပြုခဲ့ပြီးနောက်မှာ ၂၀၂၄ ခုနှစ် မတ်လမှာစပြီး အိမ်နီးချင်း အီရန်နိုင်ငံထဲကို ရောက်နေတဲ့ အာဖဂန်နိုင်ငံသား ၁ ဒသမ ၂ သန်းကျော်ကို နှင်ထုတ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) အဆိုအရ သိရပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အီရန်စစ်တပ် ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီးနောက်မှာ အခုလအတွင်း လူပေါင်းထောင်ချီ ထွက်ပြေးလာခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အခြေအနေတွေဆိုးရွားနေကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအေဂျင်စီတွေက ပြောကြပြီး အမိုးအကာ မလုံလောက်ခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းနဲ့ ပြန်လည်ပေါင်းစည်းခြင်းအတွက် လမ်းပြမြေပုံ မရှိခြင်းစတဲ့ အခက်အခဲတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
အာဖဂန်နစ္စတန်ရှိ UNHCR ကိုယ်စားလှယ် အာရာဖတ်ဂျမာလ်က သူတို့ကိုလက်ခံဖို့ ပြင်ဆင်မထားတဲ့ မွေးရပ်မြေကို သူတို့ ပြန်သွားကြတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်မှာ သတိပေးပြောကြားခဲ့ပါတယ်။
သူတို့နိုင်ငံကို ပြန်ရောက်ချိန်မှာ အမျိုးသားအများအပြားက သူတို့ရဲ့ မိသားစုကို ထောက်ပံ့ဖို့ ရုန်းကန်နေရချိန်မှာ အမျိုးသမီးတွေဟာ အာဏာရ တာလီဘန်တွေ အုပ်ချုပ်မှုအောက်မှာ သူတို့ရဲ့နေ့စဉ်ဘဝတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
တာလီဘန်တွေဟာ အမျိုးသမီးတွေကို “မာရမ်” ခေါ် အမျိုးသားအုပ်ထိန်းသူ မပါဘဲ ခရီးသွားခြင်းမှ တားမြစ်ထားပြီး မိန်းကလေးတွေကိုလည်း အထက်တန်းကျောင်းတက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
နေ့စဉ်အမျိုးသမီး၊ အမျိုးသားနဲ့ ကလေး ၁၀,၀၀၀ လောက်ဟာ အီရန်နိုင်ငံကနေ အာဖဂန်နစ္စတန်နိုင်ငံမှ အစ္စလာမ် ခါလာနယ်စပ်ကို ဖြတ်သန်းလာကြကြောင်း တာလီဘန်အာဏာပိုင်တွေက ပြောကြားပါတယ်။
Source:Reuters