မြန်မာငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးမယ့် Healing Homes လို့ အမည်ရတဲ့ ရန်ပုံငွေရှာဖွေပွဲကို ဇွန် ၂၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံဌာနမှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကိုတော့ ချင်းမိုင်တက္ကသိုလ်၊ မြန်မာစင်တာနဲ့ ချင်းမိုင်ရောက် မြန်မာလူမှုအသိုက်အဝန်းတို့ ပူးပေါင်းပြီး စီစဉ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲစီစဉ်သူ ဒေါ်မီးမီးက “ဒီပွဲဖြစ်မြောက်အောင် ပါဝင်ပေးကြတဲ့ ပရဟိတညီအစ်ကိုမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းသူကျောင်းသားတွေကိုလည်း ကျေးဇူတင်ပါတယ်။ ဒီပွဲမှာ ပါဝင် ပူးပေါင်းကြတဲ့ ဆိုင်ခန်းအသီးသီးနဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ပွဲကိုလာရောက် အားပေးကြတဲ့ ဧည့်ပရိသတ်များ၊ ပါဝင်ကပြပေးတဲ့ တိုင်းရင်းသူ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။
ဒီပွဲမှာ တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး တိုင်းရင်းသားရိုးရာ ဖက်ရှင်ရှိုးလည်း ပါဝင်ခဲ့ပါတယ်။
လက်မှတ်ရောင်းရငွေနဲ့ အလှူငွေအားလုံးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။