စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ခေါင်းဆောင်နဲ့တာဝန်ခံတချို့ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတာကြောင့် ၂ ရက် ဆက်တိုက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာ ၃ ရွာက ဒေသခံ ၁၀၀ ကျော်ဟာ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်၊ ၂ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆန္ဒဖော်ထုတ်ခဲ့သူတယောက်က “ထီးချိုင့်မြို့နယ် အင်းဒေါင်းရွာက မိုင် ၂၀ အကွာ ချိတ်သင်ရွာနဲ့ ကမ်းနီရွာ၊ ရွာ ၃ ရွာက ဒေသခံ စုစုပေါင်း ၁၀၀ ကျော်က တောင်းဆိုခဲ့ကြတာပါ။ ပြည်သူချစ်တဲ့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဦးမိုးတိမ်က Local တပ်မို့ ဖမ်းဆီးထားတာပါ။ ဒီအဖွဲ့အစည်းထဲက စစ်ရေးတာဝန်ခံ ၂ ယောက်နဲ့ ရဲဘော် ၂ ယောက်၊ အိမ်ရှင် အရပ်သားတယောက် ဖမ်းခံရတာ” လို့ ပြောပါတယ်။
ဒေသကာကွယ်ရေးစခန်းနဲ့ ဆက်ဆံရေးရုံးဆောက်လို့ဆိုပြီး ဖမ်းတာလို့သိရပြီး လွန်ခဲ့တဲ့ ၁ လကျော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်ဟာ ပြည်သူတွေနဲ့တွေ့ဖို့ မကွေး၊ မြိုင်၊ ကန်းဒေါက် စစ်ဆင်ရေးကနေ ခဏပြန်လာတာချိန် ဒုစစ်ရေးတာဝန်ခံ သပြေညို၊ ရဲဘော် ၂ ယောက်၊ M3 ၂ လက်၊ ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ M3 ကျည် ၁၀၀ ကိုပါ သိမ်းဆည်းသွားတာလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့တာမရှိဘဲ ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်ကတော့ အဲဒီတပ်ရင်းဟာ လိုကယ်ဖြစ်တဲ့အတွက်ဖမ်းတာ၊ တပ်ရင်းတပ်ဖွဲ့ အဆောက်အအုံဆောက်လို့ ဖမ်းတာလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။