Home
မြန်မာသတင်း
တော်လှန်ရေးအတွင်းက လိင်အမြတ်ထုတ်မှုတွေကို လူမှုရေးပြစ်ဒဏ်ပဲ ချနိုင်မှာလား
DVB
·
June 19, 2025

တော်လှန်ရေးအတွင်းက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက် ထိရောက်တဲ့အရေးယူမှုမရှိဘဲ လူမှုရေးပြစ်ဒဏ်သာပေးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအနှံ့ ပဋိပက္ခတွေ တိုးမြှင့်ဖြစ်ပွားလာတာ နဲ့အမျှ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နေ့စဉ်ဘဝလုံခြုံရေးကလည်း တနေ့တခြား စိုးရိမ်ဖွယ်ရှိလာနေပါတယ်။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာကျူးလွန်နှောင့်ယှက်ခံရတဲ့ဖြစ်စဉ်တွေထဲမှာ စစ်ကောင်စီဘက်က သာမကပဲ တော်လှန်ရေးအင်အားစုအတွင်းမှာလည်း ဖြစ်ပေါ်နေပေမဲ့ ထိရောက်တဲ့တရားစီရင်မှုနဲ့ အရေးယူမှုတွေ မရှိသေးဘူးလို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုလာကြပါတယ်။

ဇွန် ၁၄ ရက်ကလည်း တက်ကြွလှုပ်ရှားသူ လည်းဖြစ်သလို တော်လှန်ရေးနယ်မြေမှာ ဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာ မောက်ခမ်းဝါ (ခ) ကိုမင်းသူကျော် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာပြစ်မှုတွေအပါအဝင် တခြားပြစ်မှုတွေကိုပါ အရေးယူပေးဖို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့  ၁၀ ဖွဲ့က တောင်းဆိုခဲ့ကြပါတယ်။

လူငယ်ဒါရိုက်တာနဲ့ တက်ကြွလှုပ်ရှားသူ မောက်ခမ်းဝါဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ မဖွယ်မရာပြုမှု၊ အကြမ်းဖက်မှု ၊ ငွေကြေးအလွဲသုံးစားမှုတွေကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကာယကံရှင်ဓာတ်ပုံ ဆရာမောက်ခမ်းဝါကတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တောင်းပန်ကြောင်းရေးသားထားပါတယ်။  ကာယကံရှင် မောင်ခမ်းဝါကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားတာမရှိပါဘူး ။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလျော့နည်းလာအောင် ဘယ်လိုမျိုးတားဆီးကာကွယ်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး လူမှုအသိုင်းအဝိုင်းထဲ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာလည်း ဆွေးနွေးတိုင်ပင်သင့်တဲ့ကိစ္စတခုဖြစ်တယ်လို့ Gender Equality Network ရဲ့ ဒါရိုက်တာ မမေစံပယ်ဖြူ က သုံးသပ်ပြောဆိုပါတယ်။

“အခုလိုမျိုး ကျူးလွန်တဲ့သူကို ဖော်ထုတ်ပြီးတော့ လူမှုရေးပြစ်ဒဏ်ပေးတာကဘဲ လက်ရှိမှာ ဖြစ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာကလည်း ‌တော်တော်လေးဝမ်းနည်းစရာကောင်းပါတယ်။ တရားဥပဒေ စိုးမိုးရေးလည်းမရှိဘူး ၊ တရားစီရင်ရေးစနစ်ကလည်း ခိုင်မာမှုမရှိဘူး ၊ အဲ့တော့ social media platform တွေကနေဘဲ ထုတ်ဖော်ပြောဆိုရဲလာအောင် ကျူးလွန်ခံရတဲ့သူတွေကို နစ်နာတဲ့သူတွေကို တိုက်တွန်းအားပေးတာ ၊ နှစ်သိမ့်တာ ၊ ကျူးလွန်တဲ့သူတွေကိုလည်း လူမှုရေးပြစ်ဒဏ်အားဖြင့် ရှုတ်ချတာ၊ တော်လှန်ရေးအဝိုင်းအဝန်းထဲမှာ အရေးကြီးတဲ့ကဏ္ဍတွေမှာ ပါဝင်ဦးဆောင်စေခြင်း မပြုဖို့အတွက် တိုက်တွန်းတာ ဒါတွေကဘဲ အဓိက အရေးယူတဲ့ ပုံစံလိုဖြစ်နေတယ်ပေါ့နော် ၊ ဒီ့ထက်ပိုပြီးတော့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်နိုင်သင့်တယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာတွေ တွေ့နေရသလို တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ ဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုတွေက အခွင့်ကောင်းယူပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျုးလွန်နေတာတွေက တနေ့ထက်တနေ့ မြင့်တက်လာနေပါတယ်။

ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ထိရောက်တဲ့ အရေးယူ ဆောင်ရွက် သင့်တယ်လို့ Women’s Advocacy Coalition - Myanmar (WAC-M)ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေး က ပြောပါတယ်။

ဒေါ်ခင်လေးက  “အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ်မှာ အခုလိုမျိုး မဖွယ်မရာ ပြုလုပ်တာ၊ ညှဉ်းပန်း နှိပ်စက်တာ၊ အကြမ်းဖက်တာ၊ ဒါမျိုးတွေ ကျူးလွန်လာပြီဆိုရင်တော့ သူရဲ့ ပါဝင်ခြင်း သူရဲ့အသိုက်အဝန်း သို့မဟုတ်ရင် နစ်နာသူတွေကတိတ်တိတ်မနေဘဲ ခုလိုမျိုး လူသိရှင်ကြားထုတ်ဖော်တာ၊ အရေးယူဆောင်ရွက်တာ၊ ကျူးလွန်သူဟာ သက်ဆိုင်ရာ အဖွဲ့အစည်း တခုခုမှာ တာဝန်ရှိတဲ့သူ ဖြစ်မယ်ဆိုရင်လည်း အဖွဲ့အစည်းကိုယ်တိုင်က တိတိကျကျ ပြတ်ပြတ်သားသား အရေးယူတာမျိုး ၊ နောက်တခါ လူမှုရေးပြစ်ဒဏ်ပေးတာမျိုး Boycott လုပ်တာ သူလုပ်ဆောင်နေတဲ့ကိစ္စအားလုံးကို ထုတ်ပယ်လိုက်တာ သူက အနုပညာရှင်တယောက်ဖြစ်မယ် ဆိုလည်း သူရဲ့အနုပညာကို အားမပေး တာမျိုး လုပ်သင့်တယ်”

ဒါ့အပြင် ကျူးလွန်ခံရတဲ့ နစ်နာသူကိုလည်း သင့်တော်တဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေ ကို ထိထိရောက်ရောက် ပေးသင့်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကို အကြောင်းပြတာတွေအပါအဝင် ရာထူးအာဏာ ၊ နေရာနဲ့ အသက်အရွယ် ၊ ငွေကြေး ပိုင်ဆိုင်မှုတွေ ၊ လုံခြုံရေးတင်းကျပ်မှု အခြေအနေတွေကို အကြောင်းပြုပြီး အခွင့်အကောင်းယူကာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသူတွေကို Zero Tolerance (ခြွင်းချက်မရှိ လက်မခံခြင်း)မူအားနဲ့ ထုတ်ဖော်အရေးယူရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဋိပက္ခကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်သဖွယ် အသုံးပြုတာဟာ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တဲ့အပြင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်။

ဒီလို ပဋိပက္ခနဲ့ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူ‌ဆောင်ရွက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရရှိနေတာကြောင့် အခုလိုဖြစ်ရပ်တွေဟာ တော်လှန်ရေးကာလမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေတာဖြစ်တယ် ဆိုတဲ့သုံးသပ်ချက်တွေလဲရှိပါတယ်။

တဖက်မှာလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အရေးယူဆောင်ရွက်ပေးနိုင်ရန် အတွက် အရင်ဆုံး အမှုဖွင့်တိုင်ကြားဖို့ လိုအပ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညား က DVB ကို ပြောပါတယ်။

“သေချာတာတခုက တိုင်ကြားတဲ့သူရှိဖို့က အရေးတကြီး လိုအပ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊ မိဘဆွေမျိုးအသိုင်းအဝိုင်းဖြစ်စေ အဲဒါကို ပိုဖြစ်စေချင်တယ်၊ ဘာဖြစ်လို့ဆိုတော့ တရားမျှတမှုကိုဖော်ဆောင်တဲ့နေရာမှာ ကျနော်တို့ ကိုယ်တိုင်က ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ အတင်းအဓမ္မဖမ်းတာတွေ လုပ်လို့ မရပါဘူး ၊ ဒါကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ကြားမှာ ညှိနှိုင်းဆွေးနွေးရတဲ့အပိုင်းတွေရှိသလို သက်ဆိုင်ရာပေါ့နော် IECမှာ တရားဥပဒေစိုးမိုး‌ရေးကို ကြီးကြပ်ပေးနေတဲ့ KSP မှာလည်း လာပြီးတော့ တိုင်ကြားတာတွေလုပ်စေချင်ပါတယ်။ အကောင်းဆုံးကတော့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တိုင်းမှာ လိုက်နာရတဲ့ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တွေ ရှိတယ်ပေါ့နော် ၊ ဒါကြောင့်မို့ အခုလိုမျိုးချိုး‌ဖောက်မှုတွေ ၊ အလွဲသုံးစားမှုတွေ တွေ့မယ် ဆိုရင် ထုတ်ပယ်တာနဲ့ မပြီးသင့်ပါဘူး ” ”

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ စစ်ရာဇဝတ်မှု တခုဖြစ်တယ်လို့ ပြီးခဲတဲ့ ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် သတ်မှတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024