ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မြို့မစျေးအနီးရှိ ကင်းမုန့်တိုက်မှာ ဇွန် ၁၈ ရက် မနက် ၅ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီမုန့်တိုက်ဟာ ညောင်လေးပင်မြို့မစျေးအရှေ့ မီးသတ်စခန်း၊ YMBA (ဗုဒ္ဓဘာသာကလျာဏယုဝအသင်း) နဲ့ ကပ်လျက်တည်ရှိပြီး မုန့်ဖုတ်တဲ့နေရာကနေ မီးလောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မုန့်တိုက်နဲ့ မီးသတ်ကြားမှာ အဆောက်အအုံတခုပဲ ခြားတယ်။ နောက်ပြီး မီးသတ်ဘက်ကလည်း ကြိုးစားပြီး ငြှိမ်းပေးပါတယ်။ ဝါယာရှော့ဆိုတော့ ချက်ချင်းမငြိမ်းတာပါ။ နောက် အချိန်မီ ငြှိမ်းပေးနိုင်လို့လည်း တခြားဆိုင်တွေ ဘာမှမဖြစ်တာ။ အချိန်မမီလိုက်ရင် ဘေးမှာ လျှပ်စစ်စတိုးနဲ့ ဖုန်းဆိုင်တွေကြီးပဲ အကုန်ပြာဖြစ်လောက်ပြီ။”
မီးလောင်ကျွမ်းမှုကြောင့် ကင်းမုန့်တိုက်တခုလုံး ပျက်စီးခဲ့ပေမဲ့ အနီးပတ်ဝန်းကျင်က ဆိုင်တွေတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။
“မနက် ၅ နာရီလောက်က လောင်ပေမဲ့ ၆ နာရီလောက်မှာ မီးမနိုင်တော့လို့ ဆိုင်ရှင်က မီးသတ်ကို အကြောင်းကြားတာတဲ့။ ကင်းမုန့်တိုက်ကတော့ အကုန်ပြာကျပြီး အုတ်တံတိုင်းပဲကျန်တယ်။ ဘေးဆိုင်တွေတော့ ဘာမှမဖြစ်ပါဘူး။ ကျနော်တို့ ၆ နာရီ ၃ မိနစ်မှာ ရောက်တော့ မီးသတ်ရောက်ပြီး မီးလည်း ငြိမ်းနေပါပြီ။”
မီးလောင်မှုကို ညောင်လေးပင်မြို့နယ်အပြင် ဒိုက်ဦးမြို့နယ်က မီသတ်ကားတွေနဲ့ပါ လာရောက်မီးငြှိမ်းခဲ့ရတာလို့ သိရပါတယ်။