စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲမှာ တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းတွေက ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် စတီဖင်ပေါလ်ဟာ ဇွန် ၁၅ ရက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူရင်းကနေ ၁၆ ရက်နေ့မှာ ကျဆုံးခဲ့တာကြောင့် ၁၈ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲက အသက် ၁၈ နှစ်အရွယ် မောင်အာကာထွန်း (ခ) ဥက္ကာဟာလည်း ဇွန် ၁၆ ရက်မှာ ကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က “မိုးဗြဲမှာ တိုက်ပွဲတွေက ဆက်တိုက်ပြင်းနေတာ။ သူတို့ဘက်ကလည်း အထိနာနေတော့ ဒီဘက်ကိုလည်း အရမ်းမဲတယ်။ ခုလည်း စစ်ကြောင်းထိုးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက မိုးဗြဲ ခမရ ၄၂၂ ကနေ စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
စစ်တပ်က မိုးဗြဲကို ပြန်ရချင်တာကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေလည်း ရှိနေတာဖြစ်ပါတယ်။