Home
ဆောင်းပါး
မယိမ်းယိုင်သော စိတ်ဓာတ်ခွန်အားဖြင့် ရိုးရှင်းမြင့်မြတ်သူ တဦး၏ ရပ်တန့်ခံခဲ့ရသောဘဝ
DVB
·
June 18, 2025

မြန်မာပြည်သူတရပ်လုံးက “အမေစု” ဟု အမြတ်တနိုး ခေါ်ဝေါ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရဲရင့်မှု၊ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ဒီမိုကရေစီကို ဦးဆောင်တိုက်ပွဲဝင်ခဲ့မှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ကမ္ဘာတဝန်း ထင်ရှား ကျော်ကြားသူတဦး ဖြစ်လာခဲ့သည်။

သူမ၏ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုကျင်းပခွင့်မရခဲ့သော သန်းပေါင်များစွာသော ပြည်သူများ၏ကိုယ်စား ကမ္ဘာတဝန်းရှိ မြန်မာနိုင်ငံသားများက ကိုယ်စားပြု ပြုလုပ်ပေးနေပြီ ဖြစ်သည်။

ဆောင်းပါးပေါင်းများစွာလည်း ရေးသားခဲ့ကြသည်။ ထိုအထဲမှ ထူးခြားထင်ရှားသည်ဟု ကျနော် ယူဆခဲ့သည့် အမေရိကန်ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူ နီကိုးလပ်စ်ကောင်း၏ အထက်ပါ ခေါင်းစဉ်ဖြင့် Eurasia Review မဂ္ဂဇင်းပါ ဆောင်းပါးကို ကောက်နုတ်တင်ပြလိုက်ပါသည်။

ကမ္ဘာကြီးအတွက် ခံနိုင်ရည်ရှိမှု၏ သင်္ကေတ ဖြစ်လာခဲ့ရသူသည် ယခုအခါ မည်သည့်နေရာဟု အတိအကျ မပြောနိုင်သော တနေရာတွင် ချုပ်နှောင်ခံနေရ‌၍ ကိုယ်တိုင်ကိုယ်ကျ မြင်ခွင့်မရသော်လည်း မြန်မာပြည်သူများ၏ နှလုံးသားတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ခွင့်ရခဲ့သူ ဖြစ်သည်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရချိန်တွင် သူမသည် ၂ နှစ် သမီး အရွယ်သာ ရှိသေးသည်။ နာမကျန်း ဖြစ်နေသော မိခင်ကြီးအား ပြုစု စောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့ချိန်တွင်တော့ ၂၆ နှစ်ကြာ စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကို ခါးကော့အောင် ခံလာရသော ပြည်သူများက မည်သို့မျှ ဆက်၍ သည်းခံနိုင်စွမ်း မရှိတော့သဖြင့် အုံကြွဆန့်ကျင်လာသည့် သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ကြုံကြိုက် သွားခဲ့သည်။

“ဖေဖေရဲ့ သမီးတယောက်အဖြစ် ကျမအနေနဲ့ ဖြစ်ပျက်နေတာတွေကို လျစ်လျုရှု မနေနိုင်ပါဘူး” ဟု ကြွေးကြော်ကာ ၁၉၈၈  ဩဂုတ် ၂၆ ရက်‌ နေ့တွင်တော့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှ  လူပေါင်း ၅ သိန်းခန့် လူထုကြီးအား မိန့်ခွန်းပြောကြားရန် ရွှေတိဂုံဘုရား အနောက်ဘက် ပစ္စယံ စင်မြင်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြင့် မြန်မာတို့၏ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲ သို့ ခြေစုံပစ် ဝင်ရောက်လာခဲ့သည်။

ယင်းသည် သူမ၏ ဘဝအတွက် ကံဆိုးမိုးမှောင်ကျခဲ့ရသည့် နေ့ရက်များ၏ အစဖြစ်သော်လည်း ပြည်သူများအတွက်မူ ဒီမိုကရေစီ မီးရှူးတိုင်ကြီး ထိန်လင်းစွာ ထွက်ပေါ်လာခဲ့ရခြင်းပင် ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည့် အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရန် အသက် အားဖြင့် ၄၃ နှစ်ရှိ အမျိုးသမီးကြီးသည် ၁၉၈၈ စက်တင်ဘာ ၂၇ ရက် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင် ဖွဲ့စည်းထူထောင်လာခဲ့သည်။

စစ်အာဏာရှင်များက ၎င်းတို့အား ဆန့်ကျင်လာသည့် လူမှန်သမျှကို ချမ်းသာပေးရိုး ထုံးစံမရှိသည့် အား‌လျော်စွာ သူမအားလည်း ဇူလိုင် ၁၉၈၉-၁၉၉၅ ဇူလိုင် (၆ နှစ်)၊ စက်တင်ဘာ ၂၀၀၀ - မေ ၂၀၀၂ (၁ နှစ်ခွဲ)၊ မေ ၂၀၀၃ - နိုဝင်ဘာ ၂၀၁၀ (၇ နှစ်ခွဲ) စုစုပေါင်း ၁၅ နှစ် အကျဉ်းချထားခဲ့သည်။

ယင်းနှင့်အတူ သူမသည် ကမ္ဘာတဝန်းတွင် အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်မှု ၏ ပြယုဂ်ကြီး ဖြစ်လာခဲ့ရသည်။

စစ်အာဏာရှင်များကလည်း သူမအား တိုင်းပြည်မှ သူ့အလိုအလျောက် ထွက်သွားရန် နည်းမျိုးစုံဖြင့် ကောက်ကျစ်စွာ ကြံစည်ခဲ့ကြသည်။ ခင်ပွန်းဖြစ်သူ အောက်စဖို့ တက္ကသိုလ်မှ တိဘက်ယဉ်ကျေးမှု ဆိုင်ရာ ပညာရှင် မိုက်ကယ် အဲရစ် အား သူမထံ ၅ ကြိမ်မြောက် လာရောက်ခွင့် ပေးခဲ့သော်လည်း ၆ ကြိမ်မြောက်တွင်တော့ ပြည်ဝင်ခွင့်ဗီဇာကို ငြင်းပယ်ခဲ့သည်။ ထိုအချိန်တွင် မစ္စတာ အဲရစ်သည် သေအံ့မူးမူး ကင်ဆာ ရောဂါသည်ကြီး ဖြစ်နေသည်။

ထို့အတွက် ခင်ပွန်းဖြစ်သူနှင့် နောက်ဆုံး တွေ့ခဲ့ရသည့် အချိန်သည် ၁၉၉၅ ဟု ဆိုရမည် ဖြစ်သည်။ မစ္စတာ အဲရစ်သည် သူ၏ ၅၃ နှစ်မြောက် ဖြစ်သည့် မတ်လ ၂၇ နှစ် ၁၉၉၉ တွင် ဇနီးသည်ကို တမ်းတရင်း ကွယ်လွန်သွားခဲ့ရသည်။

ခင်ပွန်းဖြစ်သူကို ဆုံးရှုံးသွားခဲ့သည့်အပြင် သား ၂ ယောက်အား ပြုစု ပျိုးထောင်ခွင့်ပါ မိခင်တယောက်အနေဖြင့် လက်လွှတ် ဆုံးရှုံးခံလိုက်ရသည်။ ဤသည်ကား မိခင်တယောက် အနေဖြင့် နှလုံးသားနှင့် ရင်း၍  အကြီးမားဆုံး စွန့်လွှတ်ခဲ့ရမှုကြီးပင် ဖြစ်သည်။ ထိုအကြောင်း နှင့် ပတ်သက်၍ သူမ ကိုယ်တိုင် ယခုလို ပြောဆိုခဲ့သည်။

“မိခင်တဦးအနေနဲ့ သားတွေကို စွန့်လွှတ်ခဲ့ရတာဟာ အကြီးမားဆုံး ပေးဆပ်မှုပါပဲ။ ဒါပေမဲ့ တခြားသူတွေက ပိုပြီး ပေးဆပ်ခဲ့ကြတယ်ဆိုတာကို ကျမ အမြဲ သတိပြုမိခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုတဲ့ ပိုကြီးမားတဲ့ ထောင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ကျမရဲ့ အကျဉ်းထောင်တွင်း လုပ်ဖော်ကိုင်ဖက်တွေဟာ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ ဘယ်လောက် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်ဆိုတာကို ကျမ ဘယ်တော့မှ မမေ့ပါဘူး။”

၁၉၉၁ တွင် သားနှစ်‌ယောက်သည် ဖခင်နှင့်အတူ မိခင်ကိုယ်စား ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လက်ခံရယူပေးခဲ့သည်။

စစ်အာဏာရှင်များသည် သူမအား အကျဉ်းချထားရာမှ ပြန်လွှတ်ပေးခဲ့စဉ်အတွင်း ၁၉၉၆ တွင် တကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တကြိမ် အသက်ကို လုပ်ကြံဖို့အထိပင် ပက်စက်စွာ ကြံစည်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၁ ရာနှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ထိုရလဒ်ကို ၎င်းတို့ အလိုကျ မဟုတ်သဖြင့် ဗြောင်ကျကျပင် ငြင်းပယ်ခဲ့ပြီး နိုင်ငံကို စစ်အာဏာရှင် စနစ်ဖြင့် နောက်ထပ် အနှစ် ၂၀ တိတိ အုပ်ချုပ်လာခဲ့သည်။

စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်သန်းရွှေသည် ၁၉၉၀ သင်ခန်းစာကို ယူကာ စစ်တပ်မှ အရပ်သား ပြည်သူများအပေါ် ဆက်၍ သေချာပေါက် ဗိုလ်ကျအနိုင်ကျင့် ထားနိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံကို တီထွင် ဖန်တီးလာပြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် ဆိုကာ ခန့်အပ်ပေးခဲ့သည်။ ၂၀၁၀ တွင် ၎င်းတို့၏ ရွေးကောက်ပွဲကို NLD မှ သပိတ်မှောက်ခဲ့၍ စစ်တပ်၏ ပါတီဖြစ်သော USDP သည် ပြိုင်ဘက်မရှိ အနိုင်ရသူ ဖြစ်ကာ အရပ်သားတပိုင်း အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။

၂၀၁၁ တွင် NLD သည် ပြည်သူ့လက်တွင်း အာဏာပြန်လည်အပ်နှင်းနိုင်ရန် ၂၀၁၁ တွင် ပါတီကို တဖန်ပြန်၍ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ တွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ဝင်ရောက်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်တော့ NLD သည် ၇၇ ရာနှုန်းဖြင့် အနိုင်ရလာခဲ့၍ အစိုးရအဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့သော်လည်း သူမ၏ သားနှစ်‌ယောက်သည် ပြည်ပနိုင်ငံသားများ ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် သမ္မတ ဖြစ်ခွင့် မရှိဆိုကာ ၎င်းတို့ ဖွဲ့စည်းပုံတွင် သူမအား ပစ်မှတ်ထား ရေးဆွဲထားသဖြင့် ဝန်ကြီးချုပ်ရာထူးနှင့် ညီမျှသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီး ရယူခဲ့ရသည်။ 

သူမ အာဏာ ရရှိလာခဲ့ချိန်တွင် လူငယ်မျိုးဆက်များသည် ဒီမိုကရေစီနှင့် သာယာဝပြောမှု ဆိုသည်ကို မှုန်မှုန်ဝါးဝါး လှမ်းမြင်ခွင့် ရလာခဲ့ချိန်လည်း ဖြစ်သည်။ သို့သော်လည်း အရပ်သား အစိုးရ၏ ခေါင်းဆောင် ဖြစ်လာသော အသက် ၇၀ အရွယ်ရောက်လာပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အဖို့ ကြီးမားလေးလံလွန်းလှသော ဝန်ထုပ်ဝန်ပိုးကြီးက သူမ ပုခုံးပေါ် ကျရောက်လာပြီ ဖြစ်သည်။

ပျက်စီး ယိုယွင်းနေသော စီးပွားရေး ပြန်လည် နာလန်ထူလာရေး၊ ပြိုပျက်နေသော အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေး၊ ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာလာသည့် လူမျိုးစု ပဋိပက္ခများကို ဖြန်ဖြေပေးရေး၊ အမြစ်တွယ်လာနေသည့် အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ရေး၊ ရန်လိုနေသော စစ်တပ်နှင့် အဆင်ပြေအောင် နေထိုင်လုပ်ကိုင်သွား နိုင်ရေး ဆိုသည့် ဝန်ထုပ် ဝန်ပိုးကြီးပင် ဖြစ်သည်။

ထိုဝန်ထုပ်ဝန်ပိုးကြီးကို ကောင်းစွာ ထမ်းရွက်နိုင်မှန်း သိလာသည့် အခါတွင်တော့ စစ်အုပ်စုသည် ၂၀၁၇ တွင် ရိုဟင်ဂျာ အရေးအခင်းကို စတင်ဖန်တီးလာခဲ့သည်။ ပြည်တွင်းတွင် ဘာသာရေးနှင့် ပတ်သက်၍ ဆတ်ဆတ်ထိမခံ ဖြစ်လာသော လူထုနှင့် နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများ ကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားညှပ်သွားခဲ့ရသည်။

စစ်တပ်အပေါ် မည်သို့မျှ အာဏာသက်ရောက်နိုင်စွမ်း မရှိသည့်ကြားမှ နိုင်ငံအား လူမျိုးရေး မျိုးတုံးအောင်လုပ်မှု  ဂျီနိုဆိုက်အဖြစ် တံဆိပ်တပ်ကာ တရားစွဲလာသည့်အဖြစ်ကို နိုင်ငံတကာ တရားရုံးတွင် သူမ၏ ဂုဏ်သိက္ခာကိုရင်း၍ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖြေရှင်းခဲ့ရှာသည်။ သူမအား ဝေဖန်သူများက အမှန်တရားဘက်က ရပ်တည်ရန် ပျက်ကွက်ခဲ့သည့် ကိုယ်ကျင့်တရား ပျက်ကွက်မှုအဖြစ် ပြောဆိုစွပ်စွဲခြင်း ခံခဲ့ရသည်။ သူမဘက်က ရပ်တည်ပေးသူများက ဖွဲ့စည်းပုံဖြင့် စစ်တပ်၏ လက်ထိတ်ခတ်ခံထားရသော အစိုးရအဖြစ် အမြဲလို အာဏာသိမ်းခံရမည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရသည့် အဖြစ်ကို ထောက်ပြကာကွယ်ပေးခဲ့ကြသည်။

သူမအဖို့ အကြီးမားဆုံး အတွက်အချက်မှားခဲ့မှုသည် ဖခင်ဖြစ်သူ တည်‌ထောင်ပေးခဲ့သည့် စစ်တပ်အား ပြည်ထောင်စု မိခင်ကြီးတယောက်၏ မေတ္တာဖြင့် ဖျောင်းဖျ လက်တွဲ ခေါ်သွား နိုင်မည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်၍ စစ်တပ်သည် လူထု အပေါ် ဆက်၍ ‌ဗိုလ်ကျနိုင်ခွင့် တစထက် တစ ဆုံးရှုံးရ‌တော့မည့်အ‌ရေးကို စိုးရွံ့လာ၍ ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းကာ တိုင်းပြည်ကို အမှောင်တိုက်ကြီးထဲ တဖန် ပြန်လည် ဆွဲသွင်းလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အားလည်း ၎င်းတို့ တွေးလို့ရသမျှ လုပ်ကြံစွပ်စွဲမှု ပေါင်းများစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ၆ နှစ် ပြန်လျော့ပေးလာခဲ့သည်။ ဤသို့ဖြင့် သူမသည် ဘဝ၏ လေးပုံတပုံကို အကျဉ်းထောင်ထဲတွင် ကုန်လွန်နေရသူ၊  ပြည်သူများအတွက် သူမ၏ မတောင့်မတဖြင့် အေးချမ်းစွာ နေထိုင်သွားနိုင်သည့် ဘဝနှင့် မိသားစုဘဝ တို့ကို စွန့်လွှတ်ပေးခဲ့ရသည့် နိုင်ငံခေါင်းဆောင်ကြီး ဖြစ်လာခဲ့ရသည်။ သို့သော် သူမ အား ထိုသို့ စွန့်လွှတ်ခဲ့ရသူအဖြစ် ပြောဆိုခြင်းမျိုးကို လုံးဝ လက်မခံခဲ့၊  “It is not a sacrifice. It is a choice.” ဟု အမြဲတမ်း ပြောခဲ့သူ ဖြစ်သည်။

သူမသည် ပြီးပြည့်စုံသူမဟုတ်သလို၊ သူတော်စင်လည်း မဟုတ်။ သို့သော် ပညာဉာဏ် (ဆင်ခြင်တုံတရား)၊ စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လနှင့် ရိုးသားဖြောင့်မတ်မှုတို့တွင်မူ သူမသည် ကမ္ဘာပေါ်တွင် မည်သူနှင့်မျှ  ယှဉ်ပြိုင်စရာမလိုအောင် ထူးချွန် ပြောင်မြောက်သူတဦး ဖြစ်သည်။

ထို့အတွက်လည်း ပြည်သူများက သူမ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနေပါစေ၊ အကျဉ်းချခံနေရသည့် အဖြစ်မှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ နေ့စဉ် အလေးအနက် ဆုတောင်းမေတ္တာပို့ပေးနေကြခြင်းလည်း ဖြစ်ပေသည်။

ဖခင်ကြီး မျှော်မှန်းခဲ့သည့် တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံတော်သစ်ကြီး ပေါ် ပေါက်လာရေးဆိုသည့် စိတ်ကူးများကို ဆက်၍ ဖြည့်ဆည်းဆောင်ရွက်ခွင့် ရပါစေ။

လှစိုးဝေ

Ref: Eurasia Review

“She Is Simple, But Sacred: A Life Interrupted, A Resolve Unwavering – OpEd By Nicholas Kong

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024