
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မှော်စီစာကုန်းနဲ့ မှော်ဝမ်းကလေးတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ မှော်စီစာဘုရားကုန်းနဲ့ ဖားကန့်တပ်မကုန်းအနီးက မှော်ဝမ်းကလေးရွာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီးက ပြည်သူတွေအားလုံး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ဖားကန့်ဒေသခံက “ဒီနေ့က ဖားကန့်မှာ တိုက်ပွဲ ၂ နေရာ ဖြစ်တာပေါ့။ တနေရာက မှော်စီစာဘုရားကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို KIA၊ KPDF တပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်ရှင်းလင်းနေတာ။ အဲဒီမှာ သူတို့ဘက်က အထိအခိုက်တွေ ရှိတယ်။ သူတို့ဘက်က လူကြီးလည်း သေတာတွေ ရှိတယ် ကြားတယ်။ နောက်တနေရာကတော့ ဖားကန့်မှော်ဝမ်းကလေး၊ ဖားကန့်တပ်မကုန်းနားက မှော်ဝမ်းကလေးရွာမှာ တိုက်ပွဲဖြစ်နေတယ်။ ဒီမှော်စီစာဘုရားကုန်းက လွန်ခဲ့တဲ့ ၃-၄ရက်က ဘုရားကုန်းကနေ အမှိုက်ပုံ၊ ဖားကန့် မှော်ဝမ်းကလေတို့ကို ဝင်လာပြီးတော့ ရောက်လာတဲ့ စစ်ကြောင်းက မနေ့တစ်နေ့ကနေ ဖားကန့် ဆွတ်ငိုင်ယန်ရွာကို ဝင်တယ်။ မနေ့ကကျတော့ မှော်ဝမ်းကလေးရွာကို ဝင်လာတယ်။ အင်အား ၂၀၀ လောက်ရှိမယ် ထင်တယ်။ မှော်ဝမ်းကလေးရွာကို ဝင်လာတော့ ပြည်သူတွေအားလုံး ထွက်ပြေးကြတာ”လို့ပြောပါတယ်။
မှော်ဝမ်းကလေး၊ မှော်ဝမ်းကလေး ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပြီး ပစ်ခတ်တိုက်ခိုက်တာရှိပြီး တိုက်ပွဲက တောက်လျှောက်ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
မှော်စီစာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၈ရက်က ဖားကန့်ကို ဝင်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဗိုလ်မှူးချုပ်ဇော်လတ် ဦးဆောင်တဲ့ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာက အင်အား ၆၀၀ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာပြီး တစ်လကျော်အကြာမှာ ဖားကန့်မြို့ကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းထဲက အင်အား ၂၀၀ လကျော်ခန့် ဖားကန့်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး စစ်ကြောင်းတွေခွဲကာ ဖားကန့်မြို့နယ်ထဲမှု လှုပ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဖက် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရတာ နေအိမ်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“ဒီမနက်ကတော့ မှော်စီစာ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်တာရှိတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာ၊ မဇွပ်ယန်ထောင်၊ မျောက်ကုန်း၊ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တော့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ ဗိုလ်မှူးချုပ်ဇော်လတ် ဦးစီးတဲ့ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာ စစ်ကြောင်း ရောက်လာကတည်းကနေ ဖားကန့်ကပြည်သူတွေ ၃၀ကျော် နှိပ်စက် သတ်ဖြတ်ထားပြီ။ ပြီးရင် မှော်စီစာတစ်ဝှိုက်က ကုမ္ပဏီတွေကို မီးရှို့တာတွေပေါ့၊ ကုမ္ပဏီရဲ့ ယန္တရားတွေ မီးရှို့၊ အဆောင်တွေ မီးရှို့တယ်။”
စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲ စတင်ဝင်ရောက်လာကတည်းကနေ အခုအချိန်ထိ အရပ်သားပြည်သူ ၃၃ ယောက် သေဆုံးခဲ့ပြီး အများစုကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ ဖားကန့်ဒေသမှာ လက်လွှတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဖားကန့် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ မှော်ဆီစာ၊ မဇွပ်ယန်၊ ကဋေမှော်နဲ့ ဆန်ခါ ကျေးရွာတွေဘက်မှာ စစ်ရေးလှုပ်ရှားနေတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
ဟန်န