
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ လက်ပံတောင်းတောင် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဇွန် ၁၅ ရက် ညနေခင်း ၅ နာရီအချိန်က စတင်ကာ စစ်ကြောင်းထိုးလာလို့ ရွာသားတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
အခုလို စစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် ညောင်ပင်ကြီး၊ ရွာရှည်၊ နှင်းတော၊ ရုံးပင်ရိုး၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေ အပါဝင် အနီးဝန်းကျင်က ကျေးရွာတွေက ပြည်သူတွေ စစ်ကြောင်းရှောင်နေကြရတာပါ။
စစ်ဘေးရှောင်တွေ ကူညီပေးနေသူ မချောစုဟန်က “အခုစစ်ကြောင်းက ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မုံရွာကနေ မနက်ခင်းက စက်လှေနဲ့ ကူးလာတဲ့ စစ်ကြောင်းဗျ။ ညောင်ပင်ကြီးဘက်ကမ်း ရောက်ရောက်ချင်း မင်းရာဇာကနေ ရွှေအင်းလေးဘက် ဝင်သွားတာတော့ ရှိတယ်။ အခုညပိုင်းအချိန်အထိတော့ စစ်ကြောင်းက ညောင်ပင်ကြီး ခွေးခြံထဲမှာပဲ ရှိပါသေးတယ်။ ညောင်ပင်ကြီး အနီးအနားက ရွာတွေက ပြည်သူတွေကတော့ စစ်ကြောင်း စရှောင်နေတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မုံရွာဘက်ကမ်းကနေ ချင်တွင်းမြစ်ကို ဖြတ်ပြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာဘက်ကို စစ်သားအင်အား ၁၀၀ နဲ့ စစ်အင်အားဖြည့်တင်းလာတာဖြစ်ပြီး ဒေသခံတွေကတော့ စစ်တပ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရမှာကို ကြောက်ကြတာကြောင့် ဒေသခံ ၇၀၀၀ ကျော် စစ်ကြောင်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်စွမ်းသူမောင်က “အဲဒီစစ်ကြောင်းကတော့ ကျနော့်အမြင် ပြောရရင် ဝမ်ပေါင်ကုမ္ပဏီက ပစ္စည်းတွေ သယ်ဖို့ရာအတွက် လုံခြုံရေး ပေးရအောင် ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ဆီကို သွားဖို့ရာလည်း မဖြစ်နိုင်ဘူး။ မြေပြင်ကနေ ပုလဲဘက်ကို စစ်ကြောင်းထိုးဖို့အတွက် ဆိုရင်တော့ သူတို့ လိုရာကို ဘယ်လိုမှ ရှေ့ရောက်မှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပေမဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကတော့ စစ်သားတွေကို ကုမ္ပဏီဝင်းအတွင်း လုံခြုံရေးအများအပြား ခေါ်ယူပြီး လုပ်ငန်းလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကတော့ အနီးဝန်းကျင်က ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေဆီကို စစ်ကြောင်းထိုးကာ ရွာသားတွေကို ဖမ်းဆီးပြီး ပြည်သူနေအိမ်တွေကို မီးရှို့နေတယ်လို့လည်း သိရပါတယ်။