မန္တလေးက ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အအုံ အခန်းတခုကနေ အလောင်း ၆ လောင်းကို ဇွန် ၁၂ ရက် ဒီနေ့ ရှာဖွေထုတ်ယူနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းကျန်ရှိနေတဲ့ Sky Villa အဆောက်အဦ A အဆောင်နဲ့ B အဆောင်တို့ကို ယာဉ်ယန္တရားတွေ သုံးပြီး ဖယ်ရှားရှင်းလင်း ရုပ်အလောင်းထုတ်ယူနိုင်ရေးလုပ်နေတာမှာ ဒီမနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က B အဆောင် အခန်းအမှတ် H-4 က အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်းလွဲ ၂ နာရီခွဲချိန်မှာလည်း B အဆောင် အခန်းအမှတ် H-4 မှ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် Sky Villa ဟာ အသေအပျောက်အများဆုံးဖြစ်ပြီး မှတ်တမ်းတွေအရ ဒီနေ့အထိ ရုပ်အလောင်း ၁၃၀ ကျော် ထုတ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။