
ပညာရေးအားနည်းတဲ့ ဒေသတွေမှာ အကြမ်းဖက်မှုတွေ ပိုဖြစ်တာကိုတွေ့ရတယ်လို့ တနိုင်ငံလုံးမှာ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန် ၁၁ ရက်က ပြင်ဦးလွင်မြို့က စာသင်ကျောင်းတွေကို သွားရောက်ရင်း ဆရာ ဆရာမတွေကို ပြောခဲ့တာလို့ စစ်တပ်အာဘော် မြဝတီသတင်းဌာမှာ ဖော်ပြပါတယ်။
‘မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ အတန်းပညာ တတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာ သင်ကြားပေးခြင်းအပြင် အကောင်း အဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်” လို့ ဆိုပါတယ်။
စာရင်းကောက်ယူထားရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ ပညာရေးအားနည်းနေပြီး ကျောင်းလုံးဝမနေဖူးသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ သွန်သင်မှုအောက်မှာ မနေခဲ့ကြရဘူးလို့လည်း ဆိုပါတယ်။
အတန်းပညာ သင်ကြားပေးရမှာဖြစ်သလို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ဓာတ် မြင့်မားစေရေးတို့အတွက်လည်း ဆရာ၊ ဆရာမတွေက စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့လည်း ပြောခဲ့ပါတယ်။
စစ်တပ်က နိုင်ငံအာဏာကိုသိမ်းပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို သိရှိနားလည်ဖို့ လိုအပ်လို့ ဌာနဆိုင်ရာ အကြီးအကဲတွေ အားလုံးကို ဥပဒေသင်တန်းတွေ မဖြစ်မနေတက်ရောက်စေခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခြေခံပညာကျောင်းတွေမှာလည်း KG + 12 ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လောင်းကစားမှုဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ စတဲ့ ဥပဒေအခြေခံတွေသိအောင် သင်ပေးနေသလို KG + 11 နဲ့ KG + 10 ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆက်လက်သင်ပေးဦးမယ်လို့ ဆိုပါတယ်။