
လော့စ်အိန်ဂျလိစ်မြို့မှာ တာဝန်ချထားတဲ့ အမေရိကန်စစ်တပ်က တပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ဖမ်းဆီးမယ့် တရားဥပဒေစိုးမိုးရေး အေးဂျင့်တွေ ရောက်ရှိလာချိန်အထိသာ ယာယီ ထိန်းသိမ်းခွင့် ရှိပြီး လူတွေကို ဖမ်းဆီးခွင့်မရှိဘူးလို့ အမေရိကန် စစ်ဘက်အကြီးတန်းအရာရှိတယောက်က ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားအစောင့်တပ်က စစ်သား ၄,၀၀၀ နဲ့ မရိန်းတပ်သား ၇၀၀ ကို တပ်ဖြန့်ချထားတာကို ဦးဆောင်နေတဲ့ ဗိုလ်မှူးချုပ် စကော့ထ် ရှာမန်က ပြောကြားလိုက်တာဖြစ်ပြီး တပ်ဖွဲ့တွေဟာ လူတယောက်ချင်းစီကို ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ဆိုပါတယ်။
“ဒီစစ်သားတွေဟာ တရားခံအဖြစ် လူကို ဖမ်းဆီးခြင်း သို့မဟုတ် ရှာဖွေခြင်းနဲ့ ပစ္စည်းသိမ်းယူခြင်းတွေလို တရားဥပဒေအရ အရေးယူမှုဆိုင်ရာ စစ်ဆင်ရေးတွေကို မကျင့်သုံးကြောင်းနဲ့ စစ်သားတွေဟာ တာဝန်ထမ်းဆောင်နေတဲ့ ဖက်ဒရယ်အဖွဲ့ဝင်တွေကို လုံခြုံရေးပေးဖို့ပဲဖြစ်ပြီး သူတို့ကိုခွင့်ပြုထားတဲ့ သူတို့ရဲ့ဖက်ဒရယ်မစ်ရှင်ကိုပဲ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမှာဖြစ်တယ်” လို့ ရှာမန်က ပြောပါတယ်။
မရိန်းတပ်သားတွေကို တကိုယ်ရည်ကာကွယ်ရေးအတွက် သူတို့လက်နက်တွေကို သုံးစွဲဖို့ လေ့ကျင့်ပေးထားပေမဲ့ တပ်ဖြန့်ချထားချိန်အတွင်းမှာ သူတို့ရဲ့ ရိုင်ဖယ်သေနတ်တွေထဲမှာ တကယ်ပစ်ခတ်နိုင်တဲ့ တိုက်ခိုက်ရေးကျည်ဆန်တွေ ထည့်မထားဘူးလို့လည်း ရှာမန်က ပြောဆိုပါတယ်။
မရိန်းတပ်သားတွေဟာ အရပ်ဘက် အနှောင့်အယှက်တွေကို ကိုင်တွယ်နည်းဆိုင်ရာ ၂ ရက်ကြာ လေ့ကျင့်ရေးသင်တန်းကို တက်ရောက်နေကြောင်းလည်း ဆိုပါတယ်။
မရိန်းတပ်သားတွေကို ဇွန် ၁၁ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်ရဲ့ လမ်းတွေပေါ်မှာ တပ်ဖြန့်ထားမှာ မဟုတ်ပေမဲ့ မကြာခင်တော့ ရောက်လာလိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ် စကော့ထ် ရှာမန်က ပြောကြားခဲ့ပါတယ်။
Source: Reuters