
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်အကွာမှာရှိတဲ့ ၃၄၄ အမြောက်တပ်ရင်းက ဟောင်ဝှစ်ဇာလက်နတ်တွေနဲ့ ဒရုန်းစင်ပါတဲ့ အမြောက်တွေကို ကျုံပျော်မြို့မှာရှိတဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်းထဲကို ပြောင်းရွှေ့ထားကြောင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အမတ ၃၄၄ တပ် အနောက်မှာ ခံစစ် ကတုတ်ကျင်းတွေ အတားအဆီးတွေ ပြုလုပ်ထားပြီး ဇွန် ၁၂ ရက် မနက် ၆ နာရီက အမြောက်တပ်ထဲမှာရှိတဲ့ ဟောင်ဝှစ်ဇာလက်နက် အပါအဝင် အမြောက်တွေကို ကျုံပျော်တပ်ကို ပြောင်းနေတာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူ ကျုံပျော်ဒေသခံတယောက်က “ကား ၄ စီးနဲ့ သယ်လာတာ တွေ့တယ်။ မိုးကာ အုပ်ပြီး လက်နက်ပြောင်းတွေကို မြင်ရတယ်။ ကားအသေးက အရှေ့ဆုံးက လုံခြုံရေးတွေနဲ့ ဟောင်ဝှစ်ဇာ လက်နက်လို့တော့ လက်နက် နားလည်တဲ့ စစ်မှုထမ်းဟောင်းတယောက်က ပြောတာပဲ။ မနက် ၆ နာရီကျော်လောက်မှာ ၃၆ တပ်ထဲ ဝင်သွားတာ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ရခိုင်နယ်စပ်ဒေသတွေမှာ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီးနောက် စစ်ကောင်စီက ရခိုင်ရိုးမဘက်ကနေ ဧရာဝတီတိုင်းထဲ ဝင်လို့ရတဲ့ လမ်းကြောင်းတွေမှာ လုံခြုံရေး တင်းကျပ်ထားပြီး ရေကြည်၊ ငါးသိုင်းချောင်း မြို့နယ်အစပ်တွေမှာပါ ခံစစ်နဲ့ အတားအဆီးတွေ ပြုလုပ်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။