
ကျောင်းဖွင့်ရာသီဆိုတာ ပျော်စရာအလွန်ကောင်းတဲ့ ရာသီတခုပေါ့။ မိုးဖွဲဖွဲလေးမှာ ထီးကလေးဆောင်းလို့ မိဘလက်ကိုတွဲပြီး မျက်စိသူငယ် နားသူငယ်နဲ့ ပထမဆုံး ကျောင်းတက်ဖို့လာတဲ့ မူလတန်းကျောင်းသားဘဝကနေ အထက်တန်းထိ အကုန် အားသစ် အင်သစ်တွေနဲ့ အစွမ်းကုန် ကြိုးစားပစ်မယ်ဆိုတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ အပြုံးပန်းအလှတွေနဲ့ ဝေစီတဲ့ ရာသီတခုပေါ့။ အနာဂတ်ပန်းလေးတွေရဲ့ အမြစ်တွယ်ဖို့ ဖူးပွင့်ဖို့ အားယူချိန်လေး။ ဘဝမှာ မမေ့နိုင်ဆုံးအချိန် ဆိုတာကလည်း အခြေခံကျောင်းသားဘဝပဲ မဟုတ်လား။ မူကြိုမတက်ဘူးဘဲ မူလတန်းကျောင်း ရောက်လာတဲ့ ကလေးတွေအတွက်တော့ ခြောက်အိပ်မက် ဖြစ်ကောင်းဖြစ်မယ်။ မိဘတွေအတွက်လည်း ကိုယ့်ရင်သွေးကို ပထမဆုံးအကြိမ် တနေ့လုံးစာ ရင်ခွင်ထဲက ဆွဲထုတ် တွန်းပို့ရချိန်ဆိုတော့ မျက်ရည်နဲ့ မျက်ခွက်နဲ့ စိတ်မချနိုင်စွာ ဝင်ရောက်ခွင့်ရှိတဲ့နေရာထိ ရသလောက်ပြုံတိုး။ မြင်သာလောက်တဲ့နေရာကနေ မရမက တွယ်ကပ် ချောင်းကြည့်။ တိုးဝှေ့ရသလောက် တိုးဝှေ့ရင်း ကျောင်းမဆင်းနိုင်တဲ့ ရှည်ကြာဆုံးအချိန်။ ကိုယ့်ကလေးက ငိုပြီးပဲထွက်လာမလား။ ဘယ်ကလေးက ရိုက်ပေးလိုက်မလဲ။ စိုးရိမ်စိတ်နဲ့။ ရှူရှူးများ ပေါက်ချမိရင် ဒုက္ခပါပဲ။ အိမ်သာကို ရှောရှောရှူရှူကော သွားရဲပါ့မလား။ တံခါးဂျက်တွေကျပြီး ပိတ်မိနေမလား။ အတွေးပေါင်းစုံနဲ့ ရင်ပူ ဗျာများ နေမထိ ထိုင်မသာ။ ကလေးတွေ တဝါးဝါးငိုနေရင် ငါ့ကလေးအသံလား နားစွင့်ရင်း မျက်ရည်တွေဝဲ။ ကျောင်းဆင်းလို့ ကလေးက ပျော်ပြီးလာရင်ဖြစ်ဖြစ် ငိုပြီးပဲ ပြေးလာလာ ကိုယ့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်ချိန်မှ ဟင်းချရဲတဲ့ မိဘတွေရှိသလို အစ်ကို အမတွေနဲ့ တကျောင်းတည်းမို့ လိုက်တောင်မပို့ရတဲ့ ကလေးတွေကော။
သူငယ်ချင်းတွေစုမိပြီး ပျော်နေတဲ့ ကလေးအုပ်တွေရဲ့ ဆက်ရက်ကျသံလေးနဲ့ ကျက်သရေ မင်္ဂလာအဖြာဖြာ ထွန်းပတဲ့ မိုးနေ့တွေ။ ပြန်တွေးမိတိုင်း လွမ်းမောစရာအကောင်းဆုံးနဲ့ ပထမဆုံး အမှတ်တရတွေဆိုတာ မူလတန်းကျောင်းတက်စ အချိန်တွေပဲ မဟုတ်လား။ ပညာရင်နို့ သောက်စို့မယ့် ရင်သွေး ကျောင်းသားငယ်လေးများနဲ့အပြိုင် လှနိုင်သူတွေက လက်ဦးဆရာ ဆရာမတွေပဲ ဆိုတော့ အလှပေါ်အယဥ်ဆင့်။ တင့်တယ်ကြပါပေတယ်။ ရင်အေးရပါပေမယ်။ တစိမ့်စိမ့်နဲ့ ထိုင်ကြည့်နေချင်စရာကောင်းတဲ့ ကြည်နူးစရာမြင်ကွင်းတွေ။ ကျောင်းသား ကျောင်းသူတွေကို ကိုယ့်အခြေခံပညာကျောင်းသားဘဝ ကျောင်းဝတ်စုံ အဖြူအစိမ်း၊ ထမင်းချိုင့်၊ ရေဘူးခြင်း၊ ထီးကိုယ်စီနဲ့ ကျောင်းထဲကို တဖွဲဖွဲဝင်ရောက်လာတဲ့ ကျောင်းသူ ကျောင်းသားကလေးတွေ ကျောင်းဆင်းချိန် ပုရွက်အုံထဲက ပုရွက်ဆိတ်ကလေးတွေလို စီလို့ ထွက်လာတဲ့ မြင်ကွင်းတွေက မိုးရာသီအလှနဲ့ ပသာဒကျလွန်းစွာ ရှိနေခဲ့တယ်မဟုတ်လား။ ပုံမှန်မြင်နေကျအလှ ဆိုပေမဲ့ မရိုးနိုင်တဲ့ အလှတခုပဲလေ။ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကို ဖော်ဆောင်ထားတဲ့ အလှပန်းချီကားတချပ်။ ဘယ်လိုမှ ရှူမဝ ရှုမငြီးနိုင်တဲ့ အလှမြင်ကွင်းတွေထဲမှာပါတဲ့ မိုးရာသီအလှတခုပါပဲ။
အဲဒီအလှကလည်း ကိုရိုနာကပ်ရောဂါ မတိုင်ခင်အထိပဲ လှနိုင်တော့တဲ့ အလှလို့ပဲ ဆိုရတော့မယ် ထင်ပါတယ်။ စစ်ကောင်စီရဲ့ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အဲဒီ မိုးအလှပန်းချီက လျော့ရဲရဲ ဖြစ်သွားပြီ။
ခုချိန်က ကျောင်းတက်ရမှာလား။ မတက်ရဘူးလား။ တက်မယ်ဆိုရင် ဘယ်ကျောင်းတက်ရမှာလဲ။ ဘယ်ကျောင်းဆိုတဲ့ နေရာမှာ ရွေးချယ်စရာတူကြမှာ မဟုတ်ဘူးလေ။ မြို့ကြီးပြကြီးဆိုရင် အစိုးရကျောင်းလား။ ကိုယ်ပိုင်အထက်တန်းကျောင်းလား။ ဒေါ်လာနဲ့ရှင်းရတဲ့ အင်တာနေရှင်နယ်စကူးလား။ နိုင်ငံခြားထွက်တက်ရမလား။ အနည်းဆုံး ILBC လိုကျောင်းမျိုး တက်ရမလား။ နယ်မြို့တွေကျတော့ အင်တာနေရှင်နယ် လယ်ဗယ်ကျောင်းတွေ မရှိပေမဲ့ ကိုယ်ပိုင်ကျောင်းတွေ စီလို့။ အကုန်လုံးက ဟိုကျောင်းကောင်းနိုး ဒီကျောင်းကောင်းနိုးပေါ့။ အဲဒီနယ်မြို့တွေမှာ ပြဿနာက NUG ကဖွင့်တဲ့ကျောင်း တက်ရမှာလား။ ဘုန်းတော်ကြီးသင်တဲ့ ပညာရေးကျောင်းတွေမှာ တက်ရမှာလား။ အသင်းတော်အခြေပြုကျောင်းတွေ စုံစမ်းရမှာလား။ ကိုယ်ပိုင်ကျောင်းတွေမှာ တက်ရမှာလား။ ကိုယ်ပိုင်ကျောင်းတွေတောင် အစားအသောက်ကအစ အကုန်အပြီးအစီးကျောင်းလား။ ည မနက် ထမင်းချိုင့်ပို့ရတဲ့ကျောင်းလား။ အိမ်ပြန်ထမင်းစား ကျောင်းလား။ အစိုးရကျောင်းလား။ ကိုယ်ပိုင်ကျောင်းမှာ နာမည်သွင်းထား။ ကိုယ့်မြို့မှာ အဆင်ပြေတဲ့ဆရာမ ခေါ်သင်။ ဒါမှမဟုတ် ဆရာမသင်တဲ့ဆီ လိုက်သင်။ စာမေးပွဲဖြေရင် တွဲထားတဲ့ မြို့ကြီးက ကျောင်းမှာ သွားဖြေ။ အဆင်သင့်သလို ရွေးချယ်ခွင့်ရှိသူတွေက ငွေကြေးတတ်နိုင်တဲ့ သားသမီးတွေ။
ငွေကြေးမတတ်နိုင်ရင်တော့ အစိုးရကျောင်းတက်ပေတော့။ တခုတော့ရှိတယ်။ ကလေးမိဘက မြို့ပေါ်ကဖြစ်ရမယ်။ ဒါမှမဟုတ် မြို့ပေါ်မှာ နေလို့ရမယ့် ဆွေမျိုးအိမ် ရှိရင်ရှိ။ မရှိရင် အိမ်ငှားနေဖို့ အဆင်ပြေသလောက် ပြေရမယ်။ ငွေကြေးကို အဆင်ပြေအောင် ကြိုးစားမယ် ဆိုရင်တောင် မြို့ပေါ်ကျောင်းတက်မယ်ဆိုရင် တအိမ်လုံးပြောင်း။ ရွာကို ဘယ်တော့မှ ပြန်မလာတော့နဲ့ ဆိုတဲ့ ရွာတွေကျ မိဘတွေရဲ့သောကက မီးတောင်အလားပေါ့။ NUG က ဖွင့်တဲ့ကျောင်းနဲ့က လက်လှမ်းမမီ။ အွန်လိုင်းကတက်ဖို့လည်း ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်ထားတဲ့ ဒေသလိုနေရာမျိုးကျ မိဘတွေခေါင်း ကားတက်ကြိတ်သလိုဖြစ်ရပြီ။ အွန်လိုင်းရတယ်ပဲထားဦး သားသမီးတွေ အကုန်လုံးအတွက် ဖုန်းကို အကုန်မစီစဥ်ပေးနိုင်။ လျှပ်စစ်မီးကမရှိ။ ဆိုလာက စျေးကြီး။ စျေးကြီးဆို အကုန်ကြီး။ အရင်က ၁၀၀ တန် အိုးတိုက်သံခွေကလေးက ခု ၁,၅၀၀ ကျပ်။ ဆိုတော့ ပညာရေးအသက်ဆက်ဖို့ထက် နေရေးကို အရေးပေါ်ဖြေရှင်းရမယ့်မိဘက အမောဆို့။ ရွာမှာဆိုတာ လယ်ပဲလုပ်မလား။ အခင်းမှာ နေ့စားပဲသွားမလား။ ပဲနှုတ်ကောက်စိုက် လယ်ရိတ် သူ့ရာသီနဲ့သူ အလုပ်တွေ ပေါသလို ငွေလည်း ပေါတဲ့သူတွေရှိတာပဲ။ ရန်ကုန် မန္တလေးလို မြို့ကြီးမှာ အိမ်ရှိပြီးသားသူတွေကျ အခြေမပျက်ပေမဲ့ လယ်ပိုင်မရှိ အခင်းကုန်း မပိုင်သူ မိဘတွေကျ ကလေးတွေကို ကျောင်းထားရေး မထားရေးဟာ ဗြဟ္မာကြီးခေါင်းလိုပဲ။ ကုန်းပေါ်မချရဲ။ ရေထဲမပစ်ရဲတဲ့ အခြေအနေမျိုး။ လတ်ဆတ်တဲ့လေ အော်ဂဲနစ်အစားအစာတွေ စားသောက် လှုပ်လှုပ်ရှားရှားနဲ့ ခန္ဓာသန်စွမ်းမှု ဖွံ့ဖြိုးမှုကမြန်။ နိစ္စဓူဝတွေ့နေရတာက အရွယ်မတိုင်မီ အိမ်ထောင်ကျတာကို ဂုဏ်ယူစရာ ထင်နေကြတဲ့ အနေအထားမျိုး။ ရွာမှာက ကျောင်းမရှိတော့ဘူး။ ခက်တာက အတုမြင်အတတ်သင်။ အရွယ်မတိုင်ခင် အိမ်ထောင်တည်မိပြီး ဘဝတက်လမ်းတွေက မိဘတွေရည်မှန်း ဖြစ်စေချင်သလို မဖြစ်နိုင်တော့မယ့် အနေအထားမျိုး။ ငယ်နုချိန်က အချစ်တွေ ဆိုတာကလည်း အခြေမခိုင် အရင်းကလဲပြိုရင် ကလေးမိဘတွေရဲ့ ရင်သွေး မြေးတွေကြောင့် အဘိုး အဘွားတွေ အလုပ်ပို။ မျက်နှာပျက်။ မိတ်ပျက်။ ကလေးတွေဘဝကလည်း ပညာရေး ဆုံးခန်းမတိုင်ထားတော့ အလုပ်အကိုင် အတွေးအခေါ် အကုန် အားနည်းချက်တွေနဲ့ချည်းပေါ့။
ကိုယ့်ဒေသက ကျောင်းသားအပါ ဝန်ထမ်းတိုင်း အကုန် CDM ဝင်ဖို့ပဲ လောဆော်။ CDM မဝင်ရင် ရွာပြန်မလာနဲ့။ မိသားစုလိုက် ပြောင်းသွားဖို့ ဖိအားပေးခံရသလို ကျောင်းတက်ချင်ရင်လည်း တမိသားစုလုံး လစ်လိုက်ကြတော့။ ဆိုတဲ့ ရဲရဲတောက် တော်လှန်ရေးအဖွဲ့တွေရှိတဲ့အရပ်က တမျိုး။ စစ်တပ်က ဝင် ဝင် ထုသွားလို့ လေယာဥ်နဲ့ လာပစ်တတ်လို့ အဲလိုဒေသတွေက ပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေဘက် ပြတ်ပြတ်သားသား ရပ်တည်ကြနဲ့။ ကလေးတွေကျ ကျောင်းတက်ရမလိုလို မတက်ရမလိုလို။ ကျောင်းတက်ရင်လည်း ရွာကထွက်သွားရတာမျိုး။ မြို့ကျောင်းတက်တဲ့မိဘခေါ် ဒဏ်ငွေရိုက်။ ကြိမ်ဒဏ်ဆိုတဲ့အဖွဲ့ကလည်း ရှိပြန်။ ပြတ်သားပုံကတော့ စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာ တက်တဲ့ ကျောင်းသား ငါတို့နယ်မှာ ကင်းစင်ရေးထိ ဦးတည်လာရော။ ကျောင်းတက်ခွင့်ရတဲ့ ကလေးတွေကျ စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲပြီး အိမ်ပြန်မလာနိုင်တော့တာတွေ။ နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့တဲ့ စာသင်ကျောင်းတွေ။
ကလေးငယ်တွေ ကျောင်းသားတွေအတွက် ကျောင်းဖွင့်ချိန်က ပျော်စရာမကောင်းတော့သလို ကျောင်းတက်တဲ့ ကျောင်းသူ ကျောင်းသားတွေကျတော့ သူငယ်ချင်းမစုံနိုင်တော့ဘူးပေါ့။ တချို့ကလေးတွေက အစိုးရ စာသင်ကျောင်းကို တခါမှ မတက်ဖူးသေးဘူး။ တချို့ကျ ကျောင်းကို ကျောင်းလို မတက်ဖူးကြသေးဘူး။ တချို့က ကျောင်းတော့တက်ရပါရဲ့ အပစ်အခတ်တွေ ကျောင်းမှာဖြစ်လာမှာ စိုးရိမ်စိတ်နဲ့ တက်နေရ။ မြို့ကြီးတွေမှာကျ ဘာတခုမှ နှောင့်နှေးမသွားဘူး။ ငွေကြေးတတ်နိုင်သူတွေရဲ့ သားသမီး ကျောင်းသားတွေအတွက်ကျ မိုးရွာရွာ နေပူပူ ဘာမှ ပူစရာမလို။ မြန်မာနိုင်ငံတလွှားမှာ ခေတ်ပျက်ထဲ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သက်တူ ရွယ်တူ ကလေးတွေရဲ့ အခြေအနေမျိုး သူတို့ကြုံစရာ အကြောင်းမရှိသလို အဲဒီလို အနေအထားကနေ ရုန်းထလာနိုင်တဲ့ ကလေးမျိုးဆက်တွေထက် အပုံကြီးသာနေတဲ့ အနေအထားမျိုးမှာ သူတို့ရဲ့ ကျောင်းဖွင့်ချိန်က ပုံမှန် ဝင့်ထည်စွာပဲပေါ့။ တချို့ ရွယ်တူတွေမှာ ကျောင်းဖွင့်ချိန် မရှိဘူး ဆိုတာတွေ။ ကျောင်းဖွင့်ချိန်မှန်းမသိဘူး ဆိုတာတွေက သူတို့အတွက် ဉာဏ်ပညာနည်းလို့ ဖြစ်တာလို့တောင် ထင်နိုင်ဖွယ်ရှိပါတယ်။
တော်လှန်ရေးကို အရှိန်ယူ အပြေးတက်ချင်နေကြတဲ့သူတွေချည်း စုနေတဲ့ ဒေသမျိုးဆို ပိုဆိုး။ အသက် တနှစ် နှစ်နှစ် ကြီးသွားတာ အရေးမကြီးဘူး။ နိုင်ငံတော်ကို စနစ်ဆိုးက ချက်ချင်းလွတ်မြောက်ဖို့ အကောင်အထည်ဖော်ချင်စိတ်တွေ ထက်သန်လွန်းတော့ မြေပြင်က ပကတိရင်ဆိုင်ရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို အမြန်ဖာထေးပစ်နိုင်ဖို့ အများကြီး မျှော်လင့် အားထုတ်နေကြတာပေါ့။ အမှန်မှာက စနစ်ဆိုးထဲ သာယာနေသူတွေနဲ့ သူ့နောက်ပါတွေ မျိုးရိုးစဥ်ဆက်လို ဆက်သာယာနေဖို့ ရည်ရွယ်နေသူတွေနဲ့ အသိုင်းအဝိုင်းတွေက စနစ်ဆိုးကြီးကို မြန်မြန်ကြီး မကုန်ဆုံးစေချင်ဘူး မဟုတ်လား။ သူတို့အတွက်ကျ ဒီစနစ်ကြီးက ကောင်းလွန်းနေတယ်လေ။
ခုတောင် တော်လှန်ရေးကာလမှာ ပညာရေးဆုံးခန်းမတိုင်တဲ့ ကလေးတွေဟာ အသက်ပြည့်သွားပြီး နိုင်ငံရပ်ခြားမှာ။ တရုတ် တစ်သျှူးငှက်ပျောခင်းမှာ။ ကြံခင်းတွေမှာ။ တရုတ်ပြည်ထဲမှာ။ ထိုင်းက ခြံတွေထဲမှာ။ အားလုံးက ချွေးတွေ တရွှဲရွှဲနဲ့။ ကွန်ပြူတာရှေ့ ဝတ်ကောင်းစားလှလေးတွေနဲ့ စမတ်ကျကျ ဉာဏလုပ်သားတွေတော့ ဖြစ်မလာတော့ဘူးပေါ့။ ကျောင်းဖွင့်ချိန်အလှ ပျက်သုဥ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး။ လူသားရင်းမြစ်ယိုစိမ့်မှု။ ဘယ်သူ့သားက နိုင်ငံခြားကနေ ပိုက်ဆံပို့လိုက်တာ သိန်းတရာတဲ့တော်။ ဘယ်သူ့သမီးကဖြင့် သိန်းငါးဆယ်တဲ့။ အမလေး သိန်းသုံးဆယ်လောက်ဆိုတာ လိုင်းသွားသုံး မှာလိုက်ရုံပဲ။ စသဖြင့် ငွေရွှင် အိမ်ဆောက် ရွှေဝယ် ငွေစု လယ်ဝယ်တဲ့ မိဘတွေရှိသလို ဘယ်သူ့သားသမီးက ဘယ်နိုင်ငံမှာ ဒုက္ခရောက်နေတယ်တဲ့။ ပိုက်ဆံဘယ်လောက်လွှဲလိုက်ရတယ်။ ပြန်ရောက်လာပြီး ရွှေတောထဲသွားလိုက်ပြီ။ ဘယ်သူ့သမီးက တရုတ်ပြည်မှာ အိမ်ထောင်ကျသွားတာတဲ့။ ကွမ်းဖိုးငွေတွေမှ တထောပဲ။ ဘယ်သူ့သမီးက လူကုန်ကူးခံရတယ်ထင်တယ်။ အဆက်အသွယ်မရဘူးတဲ့။ စသဖြင့် သောသောညံနေတာက အသက်ပြည့်ကာစ ပညာရေးလမ်းကို ဆက်လျှောက်ခွင့်မရနိုင်တဲ့ ကလေးတွေရဲ့ လူငယ်တွေရဲ့ ဘဝကံကြမ္မာတွေ ဖြစ်ကြတယ်။
စနစ်ဆိုးတိုင်းမှာ သားကောင်ဖြစ်တာ မြေစာပင်ဖြစ်တာက အခြေခံလူတန်းစားတွေပဲလေ။ ဆယ်တန်းအမြန်အောင် အထွေထွေလုပ်သား အမြန်ဝင်။ အခြေအနေကောင်းတာနဲ့ ပညာရေးဝန်ထမ်းအဖြစ် အမြန်ပြောင်း။ ဂုဏ်ရှိရှိ ကျက်သရေရှိရှိ နေရတဲ့ဘဝရောက်အောင် စက်လှေတတန် ခြေလျင်တတန် ကုန်းရုန်းလျှောက်၊ မိဘတွေငှားထားပေးတဲ့ အိမ်တွေမှာ၊ သီလရှင်ကျောင်းတွေမှာ၊ ဆွေမျိုးတွေအိမ်မှာ မျက်နှာငယ် မိဘနဲ့အဝေး အလယ်တန်း အထက်တန်း ကျောင်းသားဘဝကို ကျော်ဖြတ် ပညာရေးဝန်ထမ်းဖြစ်လာပြီး အဝေးသင်တက္ကသိုလ်က ဘွဲ့တခုရ။ လုပ်သက်နဲ့ အလယ်တန်းပြ။ မူလတန်းကျောင်းအုပ်တွေဖြစ် လူရိုသေ ရှင်ရိုသေဘဝရောက်မှ CDM လုပ်ပြီး လစာမရ ရဲကြောက်ရ၊ စစ်တပ် ကြောက်ရဘဝမှာ မနေချင်ဘူးဆိုတာ တဖွဲ့ဖြစ်ပြီး တဖွဲ့ကတော့ အရေးတော်ပုံအောင်ရမည်ပဲ။ ဘယ်ဘဝရောက်ရောက် လုပ်စားမယ်။ သားသမီးတွေလက်ထက် သမိုင်းတရားခံ မဖြစ်ချင်ဘူး ဆိုတဲ့အဖွဲ့။ ဘယ်လိုနေနေ ရဲနဲ့ စစ် ကြောက်ရမယ့်ဘဝ မနေချင်သူတွေက တော်လှန်ရေး စိတ်အားထက်သန်တဲ့ သူတို့လူမှုပတ်ဝန်းကျင်က ဝိုင်းကြဥ်တာ ခံရပြီး ရွာကို မပြန်ရ။ ရွာကလည်း အဝင်မခံနဲ့ လူရိုသေ ရှင်ရိုသေဘဝ ဘောင်ကျဥ်းသွားတာမျိုး ဖြစ်သလို တချို့သောသူတွေရဲ့ ရွံရှာတဲ့အကြည့်တွေကို ရင်ဆိုင်ရတော့ ကျောင်းသာ လာရတယ်၊ ခါတိုင်း ကျောင်းဖွင့်ချိန်တွေလို မျက်နှာက လန်းဆန်းတက်ကြွ လေးစားဖွယ် ရဲရဲဝံ့ဝံ့ အပြုံးမျိုးကို မဆင်မြန်းနိုင်တော့ဘူး။ ကျက်သရေရှိစွာ တင့်တယ် တောက်ပတဲ့ အရှိန်အဝါမျိုးကို မဆောင်နိုင်တော့ဘူးပေါ့။ ကြားထဲ ရွာကျောင်းတွေဖွင့်ဖို့ မဖြစ်နိုင်တော့ချိန် လစာတခုကိုပဲ မှီခိုနေရသူတွေကျ မြို့ကျောင်းမှာလာတွဲ။ မြို့ခံကျောင်းအုပ်တွေက ပညာရေးဝန်ထမ်းချင်း မစာမနာ နိုင်ထက်စီးနင်းလုပ်။ အာဏာသိမ်းပြီး ဆယ်တန်းချိန် ဆယ်တန်းမရအရဖြေ အောင်ထားပြီး ရုံးအကူ နေ့စားလပေး စသဖြင့် ဆရာပေါက်စတွေ ဘဝကလည်း မသက်သာ။ ကျောင်းဝတ်စုံ မဝတ်ရဲ။ ဆံထုံးမထုံးရဲ။ ဈေးဝယ်ထွက်တာလိုလို တနေရာရာ အလည်ပဲသွားတာလိုလိုနဲ့ အလုပ်ဝင်။ မဝင်ရင်လည်း မိသားစုအခြေအနေက ပျက်နေပြီ။ ဆယ်တန်းအောင်ဖို့ မိဘက မနိုင်ရင်ကာ ရင်းနှီးပေးထားတာလေးတွေ အကြွေးကျန်တွေ။ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားများစွာနဲ့ သူတို့လေးတွေကို ဒီကျောင်းမှာလာတွဲရင် အိမ်သာဆေးနိုင်မလား။ အမှိုက်ကောက် မြက်နုတ်နိုင်သလား ဆိုတဲ့ မေးခွန်းတွေက အံအားသင့်စရာမေးခွန်းတွေ မဟုတ်လား။ ဘယ်လိုမှလည်း မျှော်လင့်ထားကြမှာ မဟုတ်ဘူးလေ။
ကျက်သရေမဖြာနိုင်တဲ့ ကျောင်းဖွင့်ချိန်တွေတိုင်းမှာ သတိရတာတခုတော့ ရှိတယ်။ ကချင် တကျော့ပြန်စစ်ပြန်ဖြစ်ဖို့ တာစူနေတဲ့နှစ်တွေမှာ ဗန်းမော် မံစီမြို့လေးကို ရောက်ခဲ့တယ်။ ဆယ်နှစ်အရွယ် အစ်မက ခြောက်နှစ်အရွယ် သူ့မောင်လေးကို ကြည့်ပြီးပြောတယ်။ မောင်လေးကို ကြီးမလာစေချင်ဘူး..တဲ့။ တွေးတွေးဆဆနဲ့ အဝေးတနေရာကို မကြည့်ဘဲ မြင်နေရသလို လေသံလေးမို့ မေးကြည့်ဖူးတယ်။ ဘာလို့လဲ သမီးရဲ့။ မောင်လေး ကြီးလာရင် အားရှိလာရင် အားကိုးရမှာပဲကို ဆိုတော့ မောင်လေး ကြီးလာရင်လည်း အရပ်ကို အရမ်းမရှည်စေချင်ဘူး ဆိုပြီး ထပ်ဖြည့်ပြောတယ်။ ဟာ ဒါတော့များသွားပြီ။ သူ့မောင်လေးကို ခုတောင် ချီပိုးထားလို့ ရသေးတဲ့အရွယ် ဖြစ်နေစေချင်သေးတဲ့ သူ့ဆန္ဒက မောင်လေးကို သိပ်ချစ်တာထက် ချစ်သနားစွာ နှမြောတသနေတဲ့ ပုံစံလေး။ သူများဆွဲလုသွားတာ ခံရတော့မယ့် သားသည်အမေရဲ့ ရင်ကွဲနာသံမျိုး။ ဘာကြောင့်လဲ ဆိုတာကို ပိုသိချင်သွားတယ်။ မောင်လေးက ခုငယ်ပါသေးတယ်။ နောက်ကြီးလာရင်လည်း အတူတူ ကျောင်းတက် ပညာတတ်တွေဖြစ်ရင် မေမေတို့နဲ့ အတူတူ ပြန်နေလို့ရပြီလေ။ အားမငယ်ပါနဲ့လို့ ပြောမိတယ်။ သူတို့က မံစီမြို့ပေါ် ရပ်ကွက်တခုက အဘွားအိုတယောက်အိမ်မှာ အိမ်ခန်းငှားပြီး ကျောင်းလာတက်ကြတာ။ ဆယ်နှစ်ဝန်းကျင် အစ်မနဲ့ ခြောက်နှစ်သာသာ မောင်လေး။ ၁၃ နှစ်လောက်ရှိတဲ့ အိမ်နီးနားချင်း မမတယောက်နဲ့ သူတို့ ၃ ယောက်ပေါ့။ ဒီအရွယ်လေးတွေကို အိမ်ငှားထား ကျောင်းတက်ဖို့ လွှတ်ရတဲ့ မိဘက ဘယ်လို စိတ်ချမှုမျိုးနဲ့ လွှတ်ရက်နိုင်တာလဲလို့ တွေးမိကောင်း တွေးမိမယ်။ ထမင်းဟင်း ချက်ပြုတ် စီမံ ကျောင်းသွား စာကျက် လျှော်ဖွပ် အိပ်ရာပြင်ဆင် ငွေကြေးသုံးစွဲမှု အကုန်လုံး သူတို့ဘာသာ စီမံခန့်ခွဲရတာ။ သူတို့ပဲ တော်လွန်းတာလား။ မိဘကပဲ အသည်းမာတာလားပေါ့။ ဆယ်တန်းထိ အဝတ်မလျှော်ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အားမရသလို ဖြစ်သွားတာပေါ့။ ကြည့်စမ်း။ သူတို့တွေ ညမနက် အပတ်တိုင်း ကျောင်းစာမေးပွဲ ဖြေပြီးချိန်ထိ အရာအားလုံးကို သူတို့ဘာသာ စီမံကျော်ဖြတ်နေကြပြီ။ ခု သူ့မောင်လေးကိုတောင် မကြီးလာစေချင်တဲ့ အစ်မမျိုးကို တွေ့ဖူးပြီ။ သူ့မောင်လေးကို ဖြစ်နိုင်ရင် ကျားမလေးတကောင်လို ကာကွယ်ချင်နေတဲ့အမမျိုး။ အမေလို အမမျိုး။ ဘယ်အရာက သူ့ကို ဒီလောက်ထိ ပူပန် စိတ်သောက ရောက်စေတာလဲပေါ့။ သူက လေသံဖျော့ဖျော့လေးနဲ့ ဖြေတယ်။ မောင်လေး ဆယ်တန်းလည်း ရောက်မှာမဟုတ်ဘူး။ ပညာတတ် ဖြစ်လာမှာလည်း မဟုတ်ဘူး။ မိဘနဲ့လည်း ခုကတည်းက ခွဲနေနေရပြီ။ သူနည်းနည်းကြီးလာပြီး ဆယ့်လေးငါးနှစ်လောက် အရပ်လည်း အရမ်းရှည်သွားရင် သူ စစ်သားလုပ်ရတော့မှာ။ ဟင်....ဆိုတဲ့ အသံတလုံးပဲ ထွက်နိုင်တော့တယ်။ သူ့မောင်လေးကို မိဘကိုယ်စား သူကပဲ ရင်အုပ်မကွာ စောင့်ရှောက်ခွင့်ရနေတာ။ ဒါတောင် နှစ်အကန့်အသတ်ပဲပေါ့။ ဟုတ်တယ်။ မောင်လေး ဗိုက်ထဲမှာ ရှိနေကတည်းက သိနေကြပြီး မွေးလာလို့ နာမည်ရှိသွားရင် သူတို့စာရင်းထဲ ရှိနေတာလေ။ မောင်လေး ကြီးလာတာနဲ့ ခေါ်သွားကြတော့မှာလို့ ကြေကွဲသံနဲ့ သူ ဖြေတယ်။ ဘေးက ၁၃ နှစ် ကောင်မလေးလည်း ခုတောင် မေမေတို့ဆီ ခဏခဏ မပြန်ရတော့ဘူး။ ရွာမှာ ကျောင်းမရှိတော့ ဒီထိ လာတက်ရတယ်။ အစ်ကိုလည်း KIA ထဲ ဝင်သွားကတည်းက မမြင်ဘူးတာ ကြာပြီတဲ့။ သူတို့က ကလေးတွေလေ။ ကလေးတွေးပဲ တွေးမှာပေါ့။ ကိုယ်တွေလည်း တောင်ပေါ်အိမ်က မောင်နှမတွေ တလှည့်စီ စစ်မှုထမ်းရတယ်။ မောင်လေး ထွက်လာတော့ မမ အစားပြန်သွားရတယ်။ လက်နက်ကိုင်ရှိတဲ့ လူမျိုးတွေမှာလည်း အားသာချက်နဲ့ အားနည်းချက်တော့ ရှိတယ်လေ။ အားသာချက်က ကိုယ့်ကို ကာကွယ်ပေးမယ့်သူ ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပြီး အားနည်းချက်ကတော့ လူ့စွမ်းအားရင်းမြစ်ကို လိုအပ်တဲ့အချိန် အရေးပေါ် ဖြေရှင်းမှုတွေ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိတယ်။ သဘောတူညီမှုတွေ ရှိတယ်လေ။ တာဝန်ယူနိုင်တဲ့ အတိုင်းအတာမှာလည်း ယုံကြည်မှု တည်ဆောက်ရတဲ့သူတွေနဲ့ ယုံကြည်လို့ရတဲ့သူတွေ ဆိုပြီး နှစ်မျိုးရှိလာတဲ့အခါ ယုံကြည်လို့ရတဲ့သူက အရေးပေါ် အခြေအနေတိုင်းမှာ အနစ်နာခံရတယ်လေ။ ထောက်ထားစရာတွေကြောင့် လုပ်ကိုလုပ်ရမယ့် must အနေအထားမျိုးထဲ ရှိနေရင်လည်း ဒါက လုံးဝ ရှောင်လွှဲလို့ရတာမှ မဟုတ်ဘဲ။ ကလေးတွေက သူတို့ရဲ့ must အနေအထားကို ကောင်းကောင်းသဘောပေါက်နေတာမို့ သူတို့ကျောင်းဖွင့်ချိန်တွေကို သူတို့ ရေတွက်လို့ ရနေတာကိုး။
ကိုယ် ဆယ်နှစ်သား၊ ဆယ်နှစ်သမီးဘဝမှာ တာဝန်ကြီးကြီး စီမံခန့်ခွဲမှု အကြီးကြီးနဲ့ ဖြေရှင်းစရာ ကြီးကြီးမားမား ဆိုတာကို တွေးကြည့်ရင် အဲဒီအနေအထားကနေ ကိုယ်သာဆို ဘယ်လို ကျော်လွှားနိုင်မယ်လို့ ထင်သလဲ။ ကိုယ့်ဘာသာကိုယ် မေးကြည့်ရင် ဘာအဖြေထွက်လာမလဲ။ မြို့ကြီးပြကြီးက ကြွယ်ဝချမ်းသာတဲ့ သားသမီးတွေရဲ့ ဆယ်နှစ်အရွယ်ဆိုတာ နီတာရဲလေးနဲ့မခြား။ လိုလေသေးမရှိ ပြုစုယုယ နေထိမခံ လေထိမခံ ဘဝတွေ။ စားစရာ ကုန်အောင်စားနိုင်ဖို့ ဆိုတာက အကြီးဆုံး ဝတ္တရားကျေပွန်မှု မဟုတ်လား။ ကျောင်းဖွင့်ချိန်မှာလည်း ပူပင်စရာဆိုတာ မိဘနဲ့ခွဲတဲ့ အချိန်လေးမှာ ထိတွေ့ဆက်ဆံရတဲ့ သူတွေနဲ့ သဟဇာတ ဖြစ်၊ မဖြစ် ဆိုတာက အကြီးမားဆုံး ပူပန်မှုတွေပဲလေ။ ဘယ်လိုနေနေ မောင်လေး ကြီးလာမှာ စိုးရိမ်တဲ့ အစ်မတွေရဲ့ ရင်ကွဲနာဟာ ကျောင်းဖွင့်ချိန်တွေမှာ စတက်ပြီး ဒီတခါ ငါ့မောင်လေး ကျောင်းတက်ဖို့ ပါမလာနိုင်တော့ဘူးဆိုတဲ့ အတွေးတွေရဲ့ အနစ်နာခံမှုဟာ လူမှုအဖွဲ့အစည်းတခုကို ခိုင်မြဲစေနိုင်တဲ့ အုတ်မြစ်ဖြစ်ခဲ့နိုင်တာပဲ။ ခုဆိုရင် ကျောင်းဖွင့်ချိန်ဟာ မြန်မာတနိုင်ငံလုံးရဲ့ လှပတင့်တယ်ခြင်း မဖြစ်နိုင်သေးဘူး။ မိဘတွေ ကလေးတွေ ရွေးချယ်မှုတွေကြား ဗျာများပြီး စနစ်တွေက လူတွေကို သောကများစေတဲ့အချိန် ဆိုတာ ကျောင်းဖွင့်ချိန်ပဲ။ ဒီတော်လှန်ရေး ဒီထက်ကြာရှည်နေမယ်ဆိုရင် ကျောင်းဖွင့်ချိန်တွေဟာလည်း မင်္ဂလာရှိနေဖို့ မလွယ်ကူသေး။ ပညာရေးကို စီးပွားရေးသဖွယ် ဥပဒေလက်တလုံးခြားနဲ့ ကြီးပွားမယ့်သူတွေအတွက်တော့ အတော့်ကို ကျက်သရေလန်းဖြာ စိတ်ချမ်းသာရမယ့် အချိန်ပေါ့။ ကိုယ်ပိုင်ကျောင်းမှာ ကျောင်းအပ်ခံထားရင် ကျောင်းသား မလာရင်နေ။ စာရင်းသွင်းပေးရုံနဲ့တင် သိန်းကြီးဆယ်ချီ ရနေပြီမဟုတ်လား။ မင်္ဂလာမှာ မင်္ဂလာဆင့်နေတဲ့သူတွေကျ ဒီအချိန်မှာ မိုးရွာတုန်း ရေခံ။ ကျုံးကော်။ သပိတ်ဝင် အိတ်ဝင်။ ကောင်းလိုက်တဲ့ အနေအထား။ ကြာလေ ကြိုက်လေပေါ့။ မိဘတွေနဲ့ ကျောင်းသားတွေအတွက်သာ နေခြည်မှာ ရွှေရည်မလောင်းပေမဲ့ ကိုယ်ပိုင်ကျောင်းတွေ ကျူရှင်ဆရာတွေအတွက်တော့ ရွှေရည်လောင်းနေတဲ့ စာသင်ကျောင်း ဖြစ်နေတယ် မဟုတ်လား။ ရွေးရခက်တဲ့ ပညာရေး ရှင်သန်မှု ပညာရေး အသက်ဆက်မှုတွေကို ကြံ့ကြံ့ခံပြီး နေခြည်မှာ ရွှေရည်လောင်း ပျော်ရွှင်စရာ စာသင်ကျောင်းတွေ အမြန်ဖွင့်နိုင်ဖို့ပဲ ဆုတောင်းမိပါတော့တယ်။
ဒီးဆိုင်း