
အမေရိကန်ကုမ္ပဏီတွေကို တရုတ်က သံလိုက်နဲ့ မြေရှားသတ္တုတွေ ထောက်ပံ့ပေးဖို့နဲ့ တဖက်ကလည်း တရုတ်ကျောင်းသားတွေ အမေရိကန်မှာ ပညာသင်ကြားခွင့်ပေးဖို့ သဘောတူညီလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
“အမေရိကန်စည်းကြပ်ခွန်က စခဲ့တဲ့ တင်းမာမှုလျှော့ချရေး နှစ်နိုင်ငံ ဆွေးနွေးပွဲဟာ သမ္မတ ရှီနဲ့ ကျုပ်တို့ရဲ့ နောက်ဆုံးသဘောတူညီချက်နဲ့အညီ အဆုံးသတ်နိုင်ခဲ့တယ်” လို့လည်း ထရမ့်ပ်က ပြောပါတယ်။
“သံလိုက်တွေနဲ့ တခြားလိုအပ်တဲ့ မြေရှားတွေ တရုတ်က ပံ့ပိုးမယ်၊ ကျုပ်တို့ဘက်ကလည်း ဘာတွေပေးမလဲဆိုတာ သဘောတူပေးခဲ့ပါတယ်။ တရုတ်ကျောင်းသားတွေ ကျုပ်တို့ ကောလိပ်တွေ၊ တက္ကသိုလ်မှာ တက်ရောက်သင်ကြားခွင့် အပါအဝင်ပေါ့ (အဲဒီအတွက် ကျုပ်က အမြဲတမ်း အဆင်ပြေပြီးသားပါ)။ ကျုပ်တို့က စုစုပေါင်း စည်းကြပ်ခွန် ၅၅ ရာခိုင်နှုန်းရမယ်၊ တရုတ်က ၁၀ ရာခိုင်နှုန်းရမယ်” လို့ ထရမ့်ပ်က သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
စည်းကြပ်ခွန်ကိစ္စ တင်းမာရာကနေ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့တာကြောင့် လန်ဒန်မှာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ၂ ယောက် သဘောတူပေးဖို့ပဲ လိုတော့တယ်လို့ ရှေ့တရက်က ထုတ်ပြန်ထားအပြီးမှာ ထရမ့်ပ်က ခုလို ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်နဲ့ ဖိအားပေးပြီး ညှိနှိုင်းယူမှုမှာ ခိုင်မာတဲ့ ကုန်သွယ်ရေးသဘောတူညီချက် အဆင့်မျိုး မရဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ထရမ့်ပ်ဟာ ရှေ့တပတ်၊ နှစ်ပတ်အတွင်းမှာ တခြားကုန်သွယ်ဖက်နိုင်ငံတွေအပေါ်မှာလည်း တဖက်သတ် စည်းကြပ်ခွန်နှုန်းထားတွေ ထပ်မံသတ်မှတ်ဦးမယ်လို့ ပြောထားပါတယ်။
Source: Reuters