
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း မက်ကာဒေးမီးယား အခွံမာသီးတွေ ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ဟာ သူ့အတွက် အခွံပါတဲ့ မက်ကာဒေးမီးယားတွေကို တင်ပို့တဲ့ အကြီးဆုံးဈေးကွက် ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အခွံမပါတဲ့ မက်ကာဒေးမီးယား အခွံမာသီး အများစုကို တရုတ်နိုင်ငံဆီ တင်ပို့ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အရှိန်အဟုန်မြှင့်ပြီး စည်းကြပ်ခွန်တွေ ကောက်ခံလို့ တောင်အာဖရိက မက်ကာဒေးမီးယား စိုက်ပျိုးရေး တောင်သူတွေဟာ တရုတ်နိုင်ငံပြီးရင် သူတို့ရဲ့ ဒုတိယအကြီးဆုံး စျေးကွက်ဆီ ဝင်ရောက်ခွင့်ကို ထိခိုက်နိုင်နေပါတယ်။
တခြား တောင်အာဖရိက လယ်သမားအုပ်စုတွေက အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကြောင့် ပျက်သုဉ်းသွားစရာ ရှိနေတယ်လို့ သတိပေးထားပါတယ်။
အမေရိကန်ဆီ နှစ်စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုး တင်ပို့နေတဲ့ ရှောက်သံပုရာ လိမ္မော် စိုက်ပျိုးသူတွေဟာ အခွန်စည်းကြပ်မှုတွေကြောင့် တောင်အာဖရိက လိမ္မော်ခြံတွေ ထိခိုက်နိုင်ပြီး အလုပ်အကိုင် ၃၅,၀၀၀ ကို ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဧပြီ ၂ ရက်မှာ ထရမ့်ပ်က ကြေညာခဲ့တဲ့ တောင်အာဖရိကအပေါ် ‘အပြန်အလှန်’ အခွန်စည်းကြပ်မှု ၃၁ ရာခိုင်နှုန်းကို တခြားနိုင်ငံ အများကြီးနဲ့အတူ ခဏရပ်ထားပေမဲ့ မက်ကာဒေးမီးယား စိုက်ပျိုးသူတွေဟာ တခြားရွေးစရာ စျေးကွက်တွေကို ရှာနေပြီလို့ ပြောပါတယ်။
“တခြားဈေးကွက်တွေကို စူးစမ်းလေ့လာဖို့ နိုင်ငံတကာမှာ လုပ်နိုင်တာ အများကြီးရှိနေတယ်လို့ ခံစားရတယ်။ အိန္ဒိယနဲ့ စကားပြောနေတယ်” လို့ အသက် ၄၀ အရွယ် ခြံရှင်က သူ့ရဲ့ခြံမှာ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းချိန်မှာ ပြောပါတယ်။
“အိန္ဒိယမှာ မက်ကာဒေးမီးယားကို ရှာဖွေနေတဲ့ လူ ၁ ဒသမ ၅ ဘီလီယံ ရှိတယ်။ ဒါကြောင့် တခြားရွေးချယ်စရာ အစီအစဉ်တခု အမြဲရှိနေပါတယ်” လို့ သူက ပြောပါတယ်။
စိုက်ပျိုးသူတွေအတွက် အဓိကစက်မှုလုပ်ငန်းအဖွဲ့ဖြစ်တဲ့ တောင်အာဖရိက မက်ကာဒေးမီးယား ဘုတ်အဖွဲ့ဝင်က အကောက်ခွန်ဟာ နှစ်ဖက်စလုံးရှုံးတဲ့ အခြေအနေအဖြစ် ဖော်ပြပြီး ဖြေရှင်းဖို့ မျှော်လင့်ထားပါတယ်။
Source: Reuters