
ဘိုလီးဗီးယားနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ ဆက်စပ်နေတဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုဟာ သီတင်း ၅ ပတ်မြောက်ထဲ ရောက်ရှိလာပြီဖြစ်လို့ ဆန်တာခရုဇ် ဒေသရှိ နေကြာ၊ နှံစားပြောင်းနဲ့ ချီယာ စိုက်ခင်းတွေဟာ ဇွန် ၉ ရက်မှာ မရိတ်သိမ်းနိုင်သေးဘဲ ရှိနေပါတယ်။
လောင်စာအတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတဲ့ လယ်သမားတွေဟာ စက်ယန္တရားတွေကို ရပ်နားထားရပြီး ရိတ်သိမ်းခါနီးမှ နှောင့်နှေးမှုတွေကြောင့် စိတ်ပျက်နေကြပြီး မနှစ်ရာသီတုန်းကလို ဆုံးရှုံးမှုတွေ ထပ်ဖြစ်မှာကို စိုးရိမ်ကြောင်း ပြောကြပါတယ်။
စက်က တနေ့ကို လောင်စာဆီ ၃၀၀ လီတာသုံးပြီး အခု လီတာ ၆၀၀ လောက်ကို ရက်သတ္တပတ်လောက် စောင့်နေရတယ်လို့ စိုက်ပျိုးရေးစက်ပစ္စည်း လုပ်ငန်းသမား ဒီယေဂို ဖလောရက်စ်က ပြောပါတယ်။
လောင်စာဆီပြတ်လပ်မှုကြောင့် ရေသွင်းစိုက်ပျိုးခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ လူတွေ သုံးစွဲဖို့အတွက် ရေစုပ်ရေတင်ခြင်းတို့ကိုလည်း လုပ်ဆောင်လို့မရအောင် သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
လယ်သမား ဒယ်နီယဘ် ဗာ့စ်ကွက်ဇ်က “ဒီဇယ်ဆီမရှိလို့ စက်နဲ့ သီးနှံရိတ်သိမ်းလို့ မရဘူး။ မိုးရွာသွားချိန်မှာ သီးနှံတွေ ဆုံးရှုံးရတယ်။ နွားတွေ ရေသောက်ဖို့က မော်တာနဲ့ ရေတင်မှရတယ်။ တခါဝယ်ရင် လီတာ ၂၀ တောင် မရဘူး။ လူရော နွားရော လောင်စာဆီရှိမှ ရေသောက်လို့ရမယ်။ အစိုးရက ကျေးလက်ဒေသကို ထည့်တောင် စဉ်းစားပေးရဲ့လား မသိဘူး” လို့ ပြောပါတယ်။
ပိတ်ဆို့မှုတွေနဲ့ လောင်စာဆီ ရှားပါးမှုကြောင့် နေ့စဉ် စိုက်ပျိုးရေးဆုံးရှုံးမှု ပမာဏမှာ ဘိုလီဗီယာနို ၄၂ သန်းရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၀န်ကြီး ယာမီလ် ဖလောရက်စ်က လာပက်ဇ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဖလောရက်စ်က “ရိတ်သိမ်းလို့ မရသလို ထုတ်ကုန်တွေလည်း ဆုံးရှုံးပါတယ်။ လယ်သမားမိသားစုတွေက သူတို့ရဲ့ လုပ်အားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အသီးအပွင့်တွေကို နေ့စဉ်လိုလို ပျောက်ကွယ်သွားကြပါတယ်” လို့ ပြောသွားတာပါ။
သမ္မတဟောင်း အီဗို မိုရာလက်စ်နဲ့အတူ နိုင်ငံရေးတင်းမာမှုတွေနဲ့ ဘိုလီးဗီးယားရဲ့ ဒေါ်လာအရန်ငွေ ကုန်ဆုံးသွားခြင်းဆိုတဲ့ အကျပ်အတည်းကြောင့် ကျေးလက်စီးပွားရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုကို ခြိမ်းခြောက်ခံနေရတာလို့ ဆိုပါတယ်။
Source: Reuters