
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား တယောက်ကို ရဲက ဖမ်းဆီးပြီး ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇွန်လ ၅ ရက်က မိခင်ဖြစ်သူက အသက် ၇ နှစ်အရွယ်သားဖြစ်သူကို ကျောင်းသွားပို့ချိန် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကို ဘေးအိမ်မှာ ခဏအပ်ခဲ့ချိန် ပျောက်ဆုံးသွားပြီး မုဒိမ်းကျင့်သတ်ဖြတ်ခံရတာလို့ ရွာခံ တယောက်က ပြောပါတယ်။
“မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ ကလေးမိသားစုက ရာဘာခြံထဲမှာ နေတာ။ အဲဒီနေ့က သူအမေက အကြီးကောင်ကို ကျောင်းသွားပို့တော့ အငယ်မလေးကို ဘေးအိမ်မှာ အပ်ခဲ့တာ အပ်ခဲ့တဲ့အိမ်က မိသားစု အိပ်ပျော်နေတဲ့အချိန် ကလေးကပျောက်သွားတာ။ လိုက်ရှာတော့ ရွာထဲက ရာဘာခြံထဲ သွားတဲ့လမ်းမှာ မုဒိမ်းကျင့်ပြီး သတ်ထားတဲ့အလောင်းကို ပြန်တွေ့တာ။”
သေဆုံးသူ ကလေးငယ်ရဲ့ ရုပ်အလောင်းကို စစ်ဆေးရာမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေအပြင် မိန်းမကိုယ်မှာပါ ဒဏ်ရာတွေရရှိထားတာ တွေ့ရပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားကို ဇွန် ၁၁ ရက်မှာ အမှုဖွင့်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
“ပြစ်မှုကျူးလွန်တဲ့သူက အဲ့ရွာကပဲ အသက် ၁၈ မပြည့်သေးဘူး။ မုဒိမ်းကျင့်ပြီး အသတ်ခံရတယ် ဆိုတာ ဆေးရုံဘက်ကရော အတည်ပြုပြီးတဲ့အတွက် ၃၀၂ ရော ၃၇၆ ရောနဲ့အမှုဖွင့်လိုက်တာ။”
လတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ ကိုဇင်လင်းထိုက်ကို ငါးဆူတောင်နယ်မြေရဲစခန်းမှ (ပ) အမှတ် ၁၈ /၂၀၂၅ ၊ ပုဒ်မ ၃၀၂ ၊ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မေ ၂၂ ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို တောင်ငူခရိုင် တရားရုံးက သေဒဏ် ကြိုးမိန့်ပေးခဲ့ပါတယ်။