
ကမ္ဘာရွှေ ဈေးမြင့်တက်မှုကြောင့် ပြည်တွင်း အကယ်ဒမီအခေါက်ရွှေဈေးလည်း တကျပ်သားကို ၇၉ သိန်းနီးပါးအထိ မြင့်တက်လာပြီး သီတင်းတပတ်အတွင်း ရွှေတကျပ်သားကို တသိန်းကျော် တက်လာခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာရွှေဈေးက ဒီကနေ့မှာ တအောင်စကို အမေရိကန် ဒေါ်လာ ၃၃၀၀ အထက်နဲ့ ဈေးဖွင့်ခဲ့တာပါ။ မွန်းလွဲပိုင်းမှာ အမေရိကန် ဒေါ်လာ ၃၃၄၀ အထက်အထိ ဈေးအတက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ၃၃၃၀ အထိ ဈေးပြန်ကျနေတာ တွေ့ရပါတယ်။
ပြည်တွင်းရွှေဈေးကလည်း မနေ့ (ဇွန် ၁၀ ရက်) က ၇,၈၅၀,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ ၇,၈၈၀,၀၀၀ အထိ မြင့်တက်ရောက်ရှိလာပါတယ်။
ရွှေဈေးကွက် စောင့်ကြည့်သူတယောက်က “ခုက ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ လိုက်တက်တာပါ။ ကမ္ဘာရွှေဈေးက အတက်များပြီး အကျနည်းပါတယ်။ စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးဟာ ဇွန် ၄ ရက်က ၇၇၅,၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး တပတ်အတွင်း ကျပ် ၁ သိန်းကျော် ဈေးမြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာတော့ ရွှေဈေးဟာ ကျပ် ၅၄ သိန်းဝန်းကျင်ရှိခဲ့ပြီး တနှစ်အတွင်းဆိုရင်တော့ ကျပ်သိန်း ၂၀ ကျော်ထိ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်မှာလည်း ပြီးခဲ့တဲ့ မေလပိုင်းက တဒေါ်လာ ကျပ် ၄၄၀၀ သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဟာ လက်ရှိမှာ ၄၄၅၀ အထိ မြင့်တက်နေတာ တွေ့ရပါတယ်။