
ဩစတြီးယားနိုင်ငံ၊ ဂရက်ဇ်မြို့မှာ ဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ယောက်အထိ ရှိလာခဲ့ပါတယ်။
ကျူးလွန်သူဟာ အသက် ၂၁ နှစ်အရွယ် အဲဒီကျောင်းက ကျောင်းသားဟောင်းဖြစ်ပြီး ကျောင်းအိမ်သာမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
ကျူးလွန်သူဟာ ပစ္စတိုတလက်နဲ့ ပြောင်းချောသေနတ်တလက်ကို တရားဝင်လိုင်စင်နဲ့ ကိုင်ဆောင်ထားသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အခုဖြစ်စဉ်ဟာ နိုင်ငံသမိုင်းမှာ အသေအပျောက်အများဆုံး ကျောင်းတွင်းပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
ဂရက်ဇ်မြို့ အနောက်မြောက်ပိုင်းက အထက်တန်းကျောင်းတကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ် ဒဏ်ရာရသူလည်း ၁၂ ယောက် ရှိခဲ့ပါတယ်။
ပစ်ခတ်ချိန်မှာ အမျိုးသမီး ၆ ယောက် အမျိုးသား ၃ ယောက် သေဆုံးခဲ့ပါတယ်။ ဆေးရုံပို့ပြီးတော့မှ အမျိုးသမီးတယောက် ထပ်မံဆုံးပါးခဲ့တာဖြစ်ပါတယ်။
ဩစတြီးယား သတင်းဌာန APA ရဲ့ ဖော်ပြချက်အရတော့ သေဆုံးသူ ၇ ယောက်ဟာ ကျောင်းသား ကျောင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ညပိုင်းမှာတော့ ဂရက်ဇ်ဒေသခံတွေဟာ မြို့ရင်ပြင်မှာ ဖယောင်းတိုင်ထွန်းညှိပြီး ဆုတောင်းခဲ့ကြပါတယ်။
Source: Reuters