Home
နိုင်ငံတကာ
အနာဂတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် မွတ်စလင်နိုင်ငံများက မြေဖဲ့ပေးသင့်ဟု အမေရိကန် အဆိုပြု
DVB
·
June 11, 2025
Photo: FOX NEWS DIGITAL

အနာဂတ် ပါလက်စတိုင်းနိုင်ငံတခု ထူထောင်ဖို့ မွတ်စလင်နိုင်ငံတွေက သူတို့မြေကို ဖဲ့ပေးသင့်တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဟက်ကာဘီက အဆိုပြုလိုက်ပါတယ်။

မွတ်စလင်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့မြေဟာ အစ္စရေးထိန်းချုပ်ထားတာရဲ့ ၆၄၄ ဆ ပိုများတယ်လို့ပါ ဟက်ကာဘီက ပြောကြားခဲ့ပါတယ်။

“အဲဒီတော့ ပါလက်စတိုင်းနိုင်ငံအတွက် တကယ်ဆန္ဒရှိတယ်ဆိုရင်၊ တယောက်ယောက်က အဲဒီလိုပြောမယ်ဆိုရင်၊ ကျုပ်တို့က လက်ခံစီစဉ်ပေးချင်ပါတယ်” လို့ ဟက်ကာဘီက ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အသိုက်အဝန်းတွေအပေါ် အကြမ်းဖက်မှု ပြုလုပ်ဖို့ ထပ်တလဲလဲ လှုံ့ဆော်မှု စွဲချက်နဲ့ လက်ယာအစွန်းရောက် အစ္စရေး ဝန်ကြီး ၂ ယောက်ကို အရေးယူပိတ်ဆို့ခဲ့တဲ့ ဗြိတိန်နဲ့ ဩစတြေးလျတို့ အပါအဝင် အမေရိကန် မဟာမိတ်နိုင်ငံတွေကိုလည်း သံအမတ်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေး ဆိုတာဟာ ပြင်းပြတဲ့ ရည်မှန်းချက်တခုပဲလို့ မှတ်ချက်ချခဲ့ပါတယ်။

လက်ရှိမှာ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာ ပါဝင်ပြီး အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးကို ကမ္ဘာ့နိုင်ငံအများစုက မူလကတည်းက လက်ခံထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးကို ရှေးမရှုတော့ဘူးလို့ ဟက်ကာဘီကပဲ ဘလွန်းဘာ့ဂျ် သတင်းဌာနနဲ့ အင်တာဗျူးမှာ ထပ်ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစကားတွေဟာ သံအမတ်ကြီးရဲ့ သဘောထားသာ ဖြစ်ပြီးတော့ အရှေ့အလယ်ပိုင်းရေးရာ အမေရိကန်မူဝါဒအတွက် တာဝန်ရှိသူဟာ အမေရိကန်သမ္မတပဲ ဖြစ်တယ်လို့ ဖြေရှင်းပါတယ်။

ဒီလနှောင်းပိုင်း ပြင်သစ်နဲ့ ဆော်ဒီ သံအမတ်တွေဟာ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး လမ်းပြမြေပုံဆိုင်ရာ ကွန်ဖရင့်တရပ် ကုလသမဂ္ဂမှာ ကျင်းပဖို့ရှိနေပါတယ်။

ဟက်ကာဘီဟာ အရင်ကတည်းက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေပါ ပါဝင်တဲ့ မဟာအစ္စရေး ထူထောင်ရေး အိုင်ဒီယာကို ထောက်ခံသူဖြစ်သလို  အနောက်ဘက်ကမ်းကိုလည်း သမ္မာကျမ်းလာ အသုံးအနှုန်းအတိုင်း “ဂျူဒီယာနဲ့ ဆမားရီးယား” လို့ သုံးနှုန်းသူ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024