
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မှာ ၉ မိနစ်ကြာ ရုရှား ဒရုန်းတိုက်ခိုက်မှု တခုကြောင့် လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ကလေး ၅ ယောက် အပါအဝင် ၅၄ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသတာဝန်ရှိသူတွေက ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒရုန်း ၁၇ စင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် ၅ ထပ်တိုက် အဆောက်အအုံတခုရဲ့ နေရာ ၁၅ ခုတို့မှာ မီးလောင်ကျွမ်းခဲ့ပြီး ရုရှားနယ်စပ်နဲ့ နီးကပ်နေတဲ့မြို့မှာ တခြားပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် တာရာကော့ဗ်က ပြောပါတယ်။
“အထပ်မြင့် အလွှာများတဲ့ အဆောက်အအုံတွေ၊ ကိုယ်ပိုင်နေအိမ်တွေ၊ ကစားကွင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေမှာ တိုက်ရိုက်ထိမှန်မှုတွေ ရှိတယ်” လို့ တာရာကော့ဗ်က တယ်လီဂရမ်အက်ပ်မှာ ပြောထားပါတယ်။
အဆောက်အအုံတွေ မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ကြသလို ကယ်ဆယ်ရေးသမားတွေကလည်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲကနေ လူတွေကို ကူညီကယ်ထုတ်ပေးခဲ့ပါတယ်။
ရုရှားဘက်ကတော့ ဒီအပေါ် ချက်ချင်းမှတ်ချက်ပေးခြင်း မရှိပါဘူး။ အခုသီတင်းပတ်အတွင်း ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ အကြီးမားဆုံး ချေမှုန်းမှု ၂ ခု ဖြစ်ပွားပြီးနောက် အခုတိုက်ခိုက်မှုကို ထပ်လုပ်ဆောင်လာတာဖြစ်ပြီး ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရဲ့ တစိတ်တပိုင်းဟာ ရုရှားနိုင်ငံမှာ မကြာသေးခင်က ကိယက်ဗ်ရဲ့ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တာလို့ မော်စကိုက ပြောဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စတင်ခဲ့တဲ့ စစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့အပေါ် နှစ်ဖက်စလုံးက ငြင်းဆိုထားပေမဲ့ ဒီပဋိပက္ခမှာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုမှာ ယူကရိန်းနိုင်ငံသားတွေ ဖြစ်ပါတယ်။
Source: Reuters