
ရခိုင်ပြည်နယ် ကိုယ်စားပြု ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ရခိုင်တိုင်ရင်းသားများပါတီ (Rakhine Nationalities Party) ကို ပါတီတည်ထောင်ခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီဟာ ပါတီမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီစွာ တွေ့ရှိရတာကြောင့် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင်ပြုလိုက်တာလို့ ကော်မရှင်က ဆိုထားပါတယ်။
ပါတီတည်ထောင်ခွင့်ပြုလိုက်တဲ့ ရခိုင်တိုင်းရင်းသားများပါတီဟာ ရက် ၃၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် နည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်ထံ နိုင်ငံရေးပါတီ မှတ်ပုံတင်ပေးဖို့ လျှောက်ထားရမယ်လို့လည်း ပြောထားပါတယ်။
အခု ပါတီတည်ထောင်ခွင့်ရထားတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို အရင် ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်ဆောင်တွေဖြစ်တဲ့ ဦးဘရှိန်နဲ့ ဦးဇော်အေးမောင်တို့ အဓိကဦးဆောင်ပြီး ဖွဲ့စည်းကြတာလို့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းက နေသိရပါတယ်။
ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခု သိမ်းပိုက်ခံထားရချိန်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မျှော်လင့်နေသူတွေဟာ စစ်ကောင်စီထံက မဝရေစာ မျှော်မှန်းပြီး အမျိုးသားရေးကို သစ္စာဖောက်ဖို့ ကြံနေကြတာလို့ ရခိုင်နိုင်ငံရေး အကဲခတ်တယောက်က မှတ်ချက်ပြုပါတယ်။
“စစ်ကောင်စီ ရွေးကောက်ပွဲကို မျှော်ကိုးပြီး ရခိုင်ပြည်မှာ ရွေးကောက်ခံရလောက်အောင် စစ်ကောင်စီ ထိန်းချုပ်မြို့နယ်မှ မရှိတော့တာ။ မာန်အောင် တမြို့နဲ့ ရန်ကုန်တိုင်းမှာ တိုင်းရင်းသားရေးရာဝန်ကြီး နေရာလောက်ပဲ ရှိတော့တယ်။ AA သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၄ ခုနဲ့ ကျောက်ဖြူ၊ စစ်တွေက ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူး။ ဒီလောက် ရခိုင်တပြည်လုံး စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာဏာရာထူး မက်နေတာဟာ အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်သာ ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ ကြေညာထားပေမဲ့ ရက်အတိအကျတော့ ကြေညာထားတာမျိုး မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ဦးဘရှိန် ဦးဆောင်တဲ့ RNP ပါတီနဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ AFP တို့က ပါတီတည်ထောင်ခွင့် ကျထားတာ ဖြစ်ပါတယ်။