
မလေးရှားနဲ့ ပိုလန်တို့ဟာ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနတွေအကြား ရေရှည်ဝယ်ယူရေးဆိုင်ရာ အခွင့်အလမ်းတွေကို ရှာဖွေတာ အပါအဝင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ရည်မှန်းထားတယ်လို့ ဝန်ကြီးချုပ် ဒါတိုစရီ အန်ဝါ အီဘရာဟင်က ပြောပါတယ်။
ပိုလန်သမ္မတ အန်ဒရေ ဒူဒါနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ခေါင်းဆောင် ၂ ယောက်စလုံးဟာ အစားအစာနည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ဟာလာလ် စက်မှုလုပ်ငန်း စတဲ့ တခြားအဓိကကဏ္ဍတွေအကြား ကာကွယ်ရေးမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေကို သေချာစစ်ဆေးရာမှာ ဦးစားပေးအနေနဲ့ ပညာရှင်အဖွဲ့နဲ့သာ အပြည့်အဝ စိတ်ချသင့်တယ်” လို့လည်း ပြောပါတယ်။
နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ခိုင်မာတဲ့ အလားအလာ ရှိတယ်လို့လည်း သူက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
တင့်ကားတွေနဲ့ WB အုပ်စုရဲ့ အီလက်ထရွန်းနစ်စနစ်တွေ အပါအဝင် ပိုလန် စစ်လက်နက်ပစ္စည်းတွေအပေါ် တုံ့ပြန်ချက်က ခုအချိန်အထိ အပြုသဘောဆောင်တယ်လို့လည်း အန်ဝါက မှတ်ချက်ပြုခဲ့ပါတယ်။
အန်ဝါဟာ မလေးရှားနိုင်ငံရဲ့ ဟာလာလ်လုပ်ငန်းနဲ့ ရေရှည်တည်တံ့ရေး ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ဟိုက်ဒရိုဂျင်နဲ့ ခေတ်မီအစားအစာ နည်းပညာတွေမှာ ပိုလန်ရဲ့ ကျွမ်းကျင်မှုကို အလေးပေးဖော်ပြခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်က ၂၀၂၃ မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ တနှစ်ထက်တနှစ် ၁၉ ဒသမ ၅ ရာခိုင်နှုန်း တိုးလာတာကို ကြိုဆိုခဲ့ပါတယ်။
“ဆီအုန်း၊ သစ်အချောထည်၊ ရာဘာထုတ်ကုန်တွေ၊ လျှပ်စစ်နဲ့ အီလက်ထရွန်နစ်ပစ္စည်း (E&E)၊ အစိမ်းရောင် ဟိုက်ဒရိုဂျင် ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ပို့ကုန်တိုးချဲ့မှုတွေကို အရှည်ကြီး ဆွေးနွေးခဲ့ပါတယ်” လို့လည်း အန်ဝါက ဆက်ပြောပါတယ်။
ပိုလန်ဝန်ကြီးချုပ် ဒူဒါဟာ ဒစ်ခ်ဆင်ဆိပ်ကမ်း၊ ဆွန်ဂါလာစခန်းက တော်ဝင်သံချပ်ကာတပ်ဖွဲ့ရဲ့ ဒုတိယတပ်ရင်းဆီ သွားလည်ဖို့နဲ့ ကွာလာလမ်ပူမြို့ မလာယာတက္ကသိုလ် အာရှ-ဥရောပ ဌာနမှာ လူထုကို မိန့်ခွန်းပြောဖို့လည်း စီစဉ်ထားပါတယ်။
ဒူဒါရဲ့ခရီးစဉ်ဟာ ၁၉၇၁ ခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ချိန်ကစပြီး အပြန်အလှန် လေးစားမှုနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ မလေးရှားနဲ့ ပိုလန်နိုင်ငံကြား ခိုင်မာပြီး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အလေးပေး ဖော်ပြထားပါတယ်။
Source: Reuters