
ပြင်သစ်အစိုးရဟာ ဂါဇာကမ်းမြောင်ရဲ့ ရေကြောင်းပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ ပရဟိတကူညီပေးရေး သင်္ဘောတစီးမှာ အဖမ်းခံထားရတဲ့ သူ့ရဲ့နိုင်ငံသားတွေနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဆက်သွယ်နေတယ်လို့ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခွန်းက ဇွန် ၉ ရက် မှာ ပြောပါတယ်။
မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ပြင်သစ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ နီးစ်ဆမြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ သမုဒ္ဒရာ ထိပ်သီးညီလာခံက သတင်းစာရှင်းလင်းပွဲအတွင်းမှာ မက်ခွန်း က ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိတ်ဆို့တားဆီးမှုတွေ အဆုံးသတ်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ဒါဟာ ရှက်စရာကောင်းတယ်လို့လည်း ပြောခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတာကြောင့် ဒီကနေ့အထိ အရမ်းဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပြီး ဒီပိတ်ဆို့မှုတွေကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ လူတွေ နေ့တိုင်း သေဆုံးနေရတယ်လို့လည်း ဆိုပါတယ်။
တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ်ဂ် အပါအဝင် အမှုထမ်း ၁၂ ယောက်ပါရှိတဲ့ သင်္ဘောဟာ အခုအခါ အစ္စရေးနိုင်ငံရှိ ဆိပ်ကမ်းတခုကို ဦးတည်နေပြီဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းန်နိုဝယ်လ် ဘာဟုက ပြင်သစ်အစိုးရဟာ ပြင်သစ်နိုင်ငံသား ၆ ယောက်ကို အဲဒီသင်္ဘောခရီးစဉ်မှာ ပါဝင်ခြင်းက အန္တရာယ်ရှိနိုင်ကြောင်း ကြိုတင်သတိပေးထားခဲ့ပြီး သူ့နိုင်ငံသားတွေအတွက် “သံရုံးအကာအကွယ်ပေးမှု” ကို ဆက်လက်လုပ်ဆောင်ဖို့ အစ္စရေးအစိုးရနဲ့ ဆက်သွယ်နေကြောင်းလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘာဟု က ပြောပါတယ်။
ပါလက်စတိုင်း လွတ်မြောက်ရေးကို လိုလားတဲ့ ဖလော့တီလာ မဟာမိတ်အဖွဲ့ (FFC) က လုပ်ဆောင်တဲ့ ဗြိတိန်အလံတင်ရွက်လှေ မက်ဒ်လင်းန်မှာ ပြင်သစ်နိုင်ငံသား ၆ ယောက် လိုက်ပါလာတာဖြစ်ပါတယ်။
အဲဒီသင်္ဘောဟာ တနင်္လာနေ့နှောင်းပိုင်းက ဂါဇာကမ်းမြောင်ကို အာရုံစိုက်စေဖို့ သဘောထားဖော်ပြတဲ့ အကူအညီတွေ ပေးအပ်ဖို့နဲ့ ဂါဇာမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို နိုင်ငံတကာက သိရှိလာစေဖို့ ရည်မှန်းထားခဲ့တယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ လှေဟာ ကမ်းစပ်ကိုမရောက်ခင် ညအချိန်အတွင်းမှာပဲ စီးနင်းခံခဲ့ရတယ်လို့ ဖလော့တီလာ မဟာမိတ်အဖွဲ့ (FFC) က သူ့ရဲ့တယ်လီဂရမ်ချန်နယ်မှာ ပို့စ် တင်ထားပါတယ်။
အဲဒီလှေဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
အခုနှစ် မတ်လအစပိုင်းမှာ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ကုန်းလမ်းကြောင်း ပိတ်ဆို့ထားပြီး ဟားမာ့စ်က အကူအညီတွေကို လမ်းကြောင်းပြောင်း သယ်ယူနေတယ် လို့ စွပ်စွဲငြင်းခုံထားပြီးတော့ ၃ လ ကြာလောက် ဘာအထောက်အပံ့မှ ခွင့်မပြုခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်မှာ အစ္စရေး ကျောထောက်နောက်ခံပြု အဖွဲ့မှ အစားအသောက်တချို့ကို စတင်ဝေငှပေးခဲ့ပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းသား အများအပြားဟာ အစားအစာ ဝေငှတဲ့နေရာကို ရောက်ရှိဖို့ ကြိုးပမ်းရင်း အသတ်ခံခဲ့ကြရပါတယ်။